MySport Myanmar

ရော်နယ်လ်ဒိုနဲ့ သတင်းထွက်နေတာက စိတ်ကူးယဉ် ဇာတ်လမ်းလိုပဲလို့ အယ်လ်ဟီလာ တုံ့ပြန်

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေခြင်းဟာ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်လိုပဲလို့ အယ်လ်ဟီလာအသင်း အမှုဆောင် အရာရှိချုပ် ကဲလ်ဆာဒါက မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

နေမာ ကန်ဆယ်လို ကူလီဘလီ ဘိုနို မီထရိုဗစ် မီလင်ကိုဗစ်ဆာဗစ် နေးဗက်စ် မယ်လ်ကွန်တို့လို ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ဆော်ဒီပရိုလိဂ် လက်ရှိချန်ပီယံ အယ်လ်ဟီလာအသင်းဟာ သူတို့ရဲ့ အနီးစပ်ဆုံး ပြိုင်ဘက် အယ်လ်နာဆာရဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Marca

ဘာလွန်းဒေါဆုကို (၅)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ လက်ရှိ ဘောလုံးလောကရဲ့ GOAT တွေထဲက တစ်ဦးဖြစ်သူ ရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ်ဆီ ပထမဆုံး ရောက်လာခဲ့တဲ့ ထိပ်တန်း ကစားသမားဖြစ်ပြီး ရော်နယ်လ်ဒိုနောက်ပိုင်းမှသာ ဆော်ဒီလိဂ်ပြိုင်ပွဲဆီကို နောက်ထပ် ကစားသမားတွေ တစ်ဖွဲဖွဲနဲ့ ရောက်လာကြတာ ဖြစ်ပါတယ်။

လက်ရှိ ဆော်ဒီလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါ ပါဝင်လာတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ် ရှိနေပေမယ့် အယ်လ်ဟီလာဘက်က နေမာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ နေမာနေရာအတွက် ရော်နယ်လ်ဒိုနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

Photo Credit : Clutch Points

ဒါပေမယ့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အယ်လ်ဟီလာရဲ့ စီအီးအိုကတော့ “ဒီသတင်းတွေက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်နဲ့တောင် တူနေပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ကျွန်တော်တို့ရဲ့ ကစားသမားလည်း မဟုတ်တော့ ဒါနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့က ခက်ခဲပါတယ်။”

“ပြီးတော့ သူက အခုလည်း ကလပ်အသင်းလက်မဲ့ ကစားသမားလည်း မဟုတ်တာကြောင့် ဒီအကြောင်းကို ပြောဆို ဆွေးနွေးရတာက သိပ်မကောင်းပါဘူး။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။ အယ်လ်ဟီလာအနေနဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အစီအစဉ် မရှိပေမယ့်လည်း လာမယ့်နွေမှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မိုဟာမက် ဆာလာကိုတော့ ခေါ်ယူသွားချင်နေပါတယ်။

Exit mobile version