MySport Myanmar

နေမာကို ဆော်ဒီလိဂ် လက်ကျန် ရာသီဝက်အတွက် register မလုပ်ခဲ့တဲ့ အယ်လ်ဟီလာ

ဆော်ဒီပရိုလိဂ် အင်အားကြီး ကလပ်အသင်း အယ်လ်ဟီလာက အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာကို ဆော်ဒီလိဂ် လက်ကျန် ရာသီဝက် ကစားသမား မှတ်ပုံတင်ခြင်း မရှိခဲ့ကြောင်း အယ်လ်ဟီလာ နည်းပြကြီး ဂျော့ချ် ဂျီးဆပ်စ်ကိုယ်တိုင် အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အယ်လ်ဟီလာအသင်းက မီထရိုဗစ် ကူလီဘလီ နေးဗက်စ် ဘူနူ မီလင်ကိုဗစ်ဆာဗစ် မယ်လ်ကွန်တို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားရာကနေ ဘရာဇီးလ် ကြယ်ပွင့်ကြီး နေမာကိုပါ ပီအက်စ်ဂျီကနေ ယူရိုသန်း(၉၀)အထိ အသုံးပြုပြီး အသင်းဆီ အရ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် နေမာက အယ်လ်ဟီလာအတွက် အခုထိ (၇)ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွယ် တိုက်စစ်မှူးက လာမယ့်ဇွန်လမှာပဲ အယ်လ်ဟီလာနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို လက်ရှိ နေမာရဲ့ အနာဂတ် အခြေအနေတွေဟာလည်း အတော်လေး လှုပ်ခတ်နေရပါတယ်။ ဒီအချိန်မှာပဲ ဒဏ်ရာပါ ရနေတဲ့ နေမာကို အသင်းဘက်ကနေ ရာသီဝက်အတွက် register မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အယ်လ်ဟီလာအသင်းမှာက နေမာအပါအဝင် ဆော်ဒီနိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသား ကစားသမား အရေအတွက်က (၁၀)ယောက်လောက်အထိ ရှိနေပြီး တကယ်လို့ အခုဈေးကွက်အတွင်း ပြည်ပကစားသမား တစ်ဦးကို ခေါ်ယူမယ်ဆိုရင် ဆော်ဒီလိဂ်ရဲ့ ကန့်သတ်ချက်အရ ဒီကစားသမားကို အသင်းမှာ မှတ်ပုံတင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါကြောင့် မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရနေတက်တဲ့ နေမာကို ဆော်ဒီလိဂ်ရဲ့ ရာသီဝက်အတွက် register မသွင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ AFC ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ နေမာက အယ်လ်ဟီလာအတွက် ကစားပေးနိုင်မှာဖြစ်ကြောင်း အယ်လ်ဟီလာနည်းပြကြီးက အသိပေး ပြောဆိုသွားခဲ့ပါတယ်။

အယ်လ်ဟီလာအနေနဲ့ကတော့ နေမာနဲ့ စာချုပ်ကုန်ဆုံးခါနီးပြီ ဖြစ်တာကြောင့် နေမာနေရာမှာ လီဗာပူးလ်က မိုဟာမက် ဆာလာနဲ့ အစားထိုးသွားဖို့ ချိန်ရွယ်နေသလို အယ်လ်ဟီလာကနေ အလွတ်နဲ့ ထွက်ခွာရတော့မယ့် နေမာကိုလည်း အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားအသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။

Exit mobile version