MySport Myanmar

နေမာကို လက်ကျန် ရာသီဝက်အတွက် မှတ်ပုံတင်သွားတော့မှာ မဟုတ်တဲ့ အယ်လ်ဟီလာ

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ကျန် ချန်ပီယံ ကလပ်အသင်း အယ်လ်ဟီလာဟာ သူတို့အသင်း တိုက်စစ်ကစားသမား နေမာကို လာမယ့် လက်ကျန် ရာသီဝက်အတွက် ကစားသမား မှတ်ပုံတင်ဖို့ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ဆော်ဒီ နာမည်ကျော် သတင်းထောက်တစ်ဦးကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ ၂၀၂၃ခုနှစ်ကတည်းက ပီအက်စ်ဂျီကနေ အယ်လ်ဟီလာအသင်းဆီကို ယူရို သန်း(၉၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပေမယ့်လည်း အခုအချိန်ထိတော့ နေမာက အယ်လ်ဟီလာအတွက် ပြိုင်ပွဲစုံ (၇)ပွဲလေးသာ ပါဝင်ကစားထားခဲ့ရပါတယ်။

Photo Credit : CNN

ကစားသမားဘဝတစ်လျှောက် ဒဏ်ရာ ပြဿနာပေါင်းများစွာနဲ့ ဖြတ်သန်းနေရတဲ့ နေမာဟာ ဘောလုံးအရည်အသွေးကောင်းသလောက် ဒဏ်ရာတွေကပဲ နေမာရဲ့ ကစားသမားဘဝအတွက် အဟန့်အတားကြီးတစ်ခု ဖြစ်နေရပါတယ်။ အခုလည်း နေမာက ဒဏ်ရာကနေ သက်သာခါစ ရှိသေးချိန်မှာပဲ နောက်ထပ် ဒဏ်ရာတစ်ခု ထပ်မံ ရသွားခဲ့ပြန်ပါတယ်။

အီရန်ကလပ် အယ်စတယ်လာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ AFCချန်ပီယံလိဂ်ပွဲမှာ နေမာက လူစားဝင် ပါဝင်ကစားရင်း နာရီဝက်အကြာမှာ ကြွက်သားဒဏ်ရာ ရသွားခဲ့တာကြောင့် လူစားပြန်လဲလိုက်ရသလို ဒီဒဏ်ရာကြောင့်လည်း အနည်းဆုံး တစ်လခန့်လောက်အထိ အနားယူသွားရဖွယ် ရှိနေပါတယ်။

Photo Credit : beIN SPORTS

နေမာဟာ ဒူးအရွတ် ဒဏ်ရာကြောင့် တစ်နှစ်ကျော်လောက်အထိ အနားယူခဲ့ရသလို အယ်လ်ဟီလာရဲ့ ပွဲပေါင်းများစွာကိုပါ လွဲချော်ခဲ့ရပါတယ်။ အခုလည်း အယ်လ်ဟီလာအတွက် ပွဲစဉ် (၂)ပွဲလေးသာ ကစားရချိန်မှာပဲ နောက်ထပ် ဒဏ်ရာ ထပ်ရသွားတဲ့ နေမာကို အယ်လ်ဟီလာဘက်က ဒီရာသီရဲ့ လက်ကျန်ရာသီဝက်မှာ မှတ်ပုံတင်ခြင်း မပြုလုပ်ဖို့အထိ စီစဉ်လာပါတယ်။

တကယ်လို့ အယ်လ်ဟီလာအနေနဲ့ နေမာကို register မလုပ်ဖြစ်ဘူးဆိုရင် နေမာနဲ့ အယ်လ်ဟီလာတို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ဇွန်မှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖွယ် ရှိနိုင်သလို ဇန်နဝါရီ ဆောင်းဈေးကွက်ထဲမှာပါ ကလပ်အသင်းကနေ ရောင်းချသွားဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version