MySport Myanmar

နေမာရဲ့ နေရာမှာ ရော်နယ်လ်ဒိုနဲ့ ပြန်လည် အစားထိုးသွားချင်နေတဲ့ အယ်လ်ဟီလာ

ဆော်ဒီပရိုလိဂ် ထိပ်တန်းကလပ် အယ်လ်ဟီလာအသင်းဟာ မကြာခဏ ဒဏ်ရာရရှိနေတဲ့ အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား နေမာကို စာချုပ်ဖျက်သိမ်းသွားဖို့ အစီအစဉ် ရှိနေတဲ့အပြင် နေမာကို ရှင်းထုတ်ပြီး အနီးဆုံးပြိုင်ဘက် အယ်လ်နာဆာအသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုပါ ခေါ်ယူသွားချင်နေတယ်လို့ SPORT သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

အယ်လ်ဟီလာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က ဘရာဇီးလ် ထိပ်သီးကစားသမား နေမာကို ပီအက်စ်ဂျီအသင်းကနေ ယူရို သန်း(၉၀)အထိ အသုံးပြုပြီး ခေါ်ယူခဲ့ပေမယ့် အခုအချိန်ထိ နေမာက အယ်လ်ဟီလာအတွက် ပြိုင်ပွဲစုံ (၇)ပွဲသာ ကစားနိုင်ခဲ့သလို အခုလည်း ကြွက်သားဒဏ်ရာ ရသွားလို့ ကာလအတန်ကြာ အနားယူရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Caught Offside

ဒီအခြေအနေကို အယ်လ်ဟီလာဘက်က စိတ်ပျက်လျက် ရှိနေတာကြောင့် နေမာကို ဒီရာသီရဲ့ လက်ကျန် ရာသီဝက်အတွက် ကစားသမား မှတ်ပုံတင်ဖွယ် မရှိသလို ဆောင်းဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေပါတယ်။ တကယ်လို့ ရောင်းထုတ်လို့ မရရင်တောင်မှ စာချုပ်ဖျက်သိမ်းသွားဖို့လည်း ရှိနေပြန်ပါတယ်။

တကယ်တော့ အယ်လ်ဟီလာက နေမာမပါပေမယ့်လည်း အသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းလွန်းနေပြီး ဒေသတွင်းမှာလည်း ပြိုင်ဘက်ကင်း အနေအထားအထိ ရောက်ရှိနေလို့နေပါတယ်။ ဒါပေမယ့် အယ်လ်ဟီလာဘက်ကတော့ နေမာလို စူပါစတားတစ်ဦးကို ရှင်းထုတ်လိုက်ရချိန်မှာ နောက်ထပ် ထိပ်တန်း ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : Clutch Points

လတ်တလော စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ အယ်လ်ဟီလာက သူတို့အသင်းရဲ့ ဒေသတွင်း အဓိကပြိုင်ဘက် အယ်လ်နာဆာရဲ့ အသင်းခေါင်းဆောင် အရေးအပါဆုံး ကစားသမား ရော်နယ်လ်ဒိုကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အယ်လ်ဟီလာက မက်ဆီ ၊ ဘာပေ ၊ ဗင်နီစီယပ်စ်တို့လို ကစားသမားတွေအထိ ကြိုးပမ်းခဲ့ဖူးတဲ့ အသင်းလည်းဖြစ်ပြီး အခုလည်း ရော်နယ်လ်ဒိုကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

အသက် (၃၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုကလည်း နေမာလိုပဲ ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထွက်နေသလို အယ်လ်နာဆာရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ်ဟီလာအသင်းဆီ ပြောင်းရွှေ့ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းလိမ့်မယ်လို့ပဲ ယူဆနိုင်ပါတယ်။

Exit mobile version