MySport Myanmar

မက်ဆီကို မရတော့လို့ မာရက်ဇ်ကို ပြောင်းလဲ ကြိုးပမ်းလာခဲ့တဲ့ အယ်လ်ဟီလယ်

ဆော်ဒီစူပါလိဂ်ပြိုင်ပွဲရဲ့ နာမည်ကြီးကလပ် အယ်လ်ဟီလယ်အသင်းဟာ GOAT ကြီး လီယွန်နယ်မက်ဆီကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ခြင်း မရှိတဲ့အတွက် အခုလက်ရှိမှာတော့ မန်ချက်စတာစီးတီးရဲ့ တောင်ပံကစားသမား မာရက်ဇ်ဘက်ကို မြှားဦးလှည့်လာပါတယ်။

Photo Credit : Goal

အယ်လ်ဟီလယ်အသင်းက မက်ဆီကို သူတို့အသင်းဆီ အရ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပြီးမှ မက်ဆီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ရွေးချယ်သွားခဲ့တာကြောင့် မက်ဆီအစား မာရက်ဇ်ကို ခေါ်ယူလိုလာခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဟီလယ်က လာမယ့်ရာသီအတွက် တကယ့်ကို ဒိတ်ဒိတ်ကြဲ ကစားသမားတွေ ခေါ်ယူ အားဖြည့်သွားဖို့ ရှိနေရာ အယ်လ်ဂျီးရီးယား လက်ရွေးစင် မာရက်ဇ်ဟာလည်း အယ်လ်ဟီလယ်ရဲ့ အဓိကပစ်မှတ်ထဲမှာ ပါဝင်လို့နေပြီး အသင်းဥက္ကဌကိုယ်တိုင်ပါ ကြိုးပမ်းမှုတွေ ပြုလုပ်ဖို့လည်း ရှိနေပါတယ်။

Photo Credit : Daily Mail

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ အယ်လ်ဟီလယ် အသင်းဥက္ကဌက လာမယ့် တစ်ပတ်အတွင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆီကို လာရောက်ပြီး အဲ့ဒီကမှတစ်ဆင့် မာရက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် မာရက်ဇ်ရဲ့အေးဂျင့် နဲ့ မန်စီးတီးအသင်းတို့နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အသက် (၃၂)နှစ်အရွယ် တောင်ပံ တိုက်စစ်ကစားသမား မာရက်ဇ်က လက်စတာကနေ မန်စီးတီးအသင်းဆီ ရောက်ရှိစဉ်ကတည်းက စီးတီးရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်သူဖြစ်ပြီး လက်ရှိမှာလည်း အသင်းနဲ့ Treble Champions ဖြစ်လာဖို့ပါ အခြေအနေကောင်းနေရပါတယ်။ တကယ်လို့ မာရက်ဇ်က စီးတီးနဲ့ ချန်ပီယံလိဂ်ပါ ရယူနိုင်ခဲ့မယ်ဆိုရင် စီးတီးမှာ သူမရခဲ့ဖူးတဲ့ အောင်မြင်မှုက မရှိသလောက် ဖြစ်သွားမှာမို့ မာရက်ဇ်အနေနဲ့ သူ့အနာဂတ်အတွက် စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။ ဒါပေမယ့် စီးတီးဘက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမား မာရက်ဇ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေတယ်လို့ သိရပါတယ်။

Exit mobile version