ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းကတော့ လီဗာပူးလ်အသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင် နူးညက်ဇ်ကို ခေါ်ယူအားဖြည့်သွားဖို့ ရှိနေပြီး နူးညက်ဇ်အတွက်ကိုလည်း တစ်ပတ်လုပ်ခအဖြစ် ပေါင်(၄၀၀၀၀၀)အထိ ပေးချေသွားဖို့ပါ အစီအစဉ် ရှိနေတယ်လို့ Anfield Watch ကနေ ဖော်ပြလာခဲ့ပါတယ်။
ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူးညက်ဇ်ဟာ ဘင်ဖီကာကနေ လီဗာပူးလ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမယ့် လက်ရှိရာသီမှာတော့ နူးညက်ဇ်က အသင်းအတွက် သေချာ ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ရုန်းကန်နေရသလို ဂိုးသွင်းစွမ်းရည်တွေပါ ကျဆင်းလာခဲ့ပါတယ်။
Photo Credit : Goal
အခုဆိုရင် နူးညက်ဇ်က လီဗာပူးလ်အသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေလည်း တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး ကစားခွင့်က အကန့်အသတ်နဲ့ ဖြစ်လာရသလို ခြေစွမ်းတအားပြနေတဲ့ မိုဆာလာ ဂတ်ပိုတို့အပြင် ဒီးယက်ဇ်တို့ကိုပါ မကျော်နိုင်တော့ဘဲ အသင်းကနေ ရောင်းထုတ်ခံရတော့မယ်ဆိုပြီး သတင်းတွေပါ ထွက်လာခဲ့ပါတယ်။
အခုဆိုရင် နူးညက်ဇ်ကို အေစီမီလန် အပါအဝင် ဥရောပ ကလပ်အသင်း တချို့က စိတ်ဝင်စားနေကြသလို နူးညက်ဇ်နဲ့ သူ့အသင်းဟောင်း ဘင်ဖီကာမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး ဂျော့ချ် ဂျီးဆပ်စ်ကပါ သူကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ နူးညက်ဇ်ကို ခေါ်ဆောင်သွားချင်လာခဲ့ပါတယ်။
Photo Credit : Transfer News Live
အယ်လ်ဟီလာကလည်း နေမာ မီထရိုဗစ် မယ်လ်ကွန်တို့လို ထိပ်တန်း တိုက်စစ်ကစားသမားတွေအပြင် အယ်လ်ဒေါဆရီလို နာမည်ကျော် ဆော်ဒီကစားသမားလည်း ရှိနေပေမယ့် နေမာက ဒဏ်ရာကြောင့် ခဏခဏ အနားယူနေရသလို သိပ်မကြာခင်မှာပဲ နေမာဟာ အယ်လ်ဟီလာနဲ့လည်း စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။
နေမာလို ထိပ်တန်း ပုံရိပ်မြင့်မားတဲ့ ကစားသမားတစ်ဦးကို အသင်းကနေ လက်လွတ်လိုက်ရချိန်မှာ ဆာလာနဲ့ ပြန်လည် အစားထိုးဖို့ ပစ်မှတ်ထားနေပေမယ့် ဆာလာက လီဗာပူးလ်နဲ့ သက်တမ်းတိုးဖို့ အခြေအနေများနေတာကြောင့် ဆာလာအစား နူးညက်ဇ်ကိုသာ ခေါ်ယူဖို့ ရှိနေပြီး လီဗာပူးလ်မှာ နူးညက်ဇ် ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်(၁၄၀၀၀၀)ထက် ပိုမို များပြားတဲ့ ပေါင်(၄၀၀၀၀၀)အထိနဲ့ပါ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။