MySport Myanmar

ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်ကို ပထမဆုံးအကြိမ် တတ်လှမ်းနိုင်ခဲ့တဲ့ အယ်လ်ဟီလာ

ဆော်ဒီအာရေဗျ ကလပ်အသင်း အယ်လ်ဟီလာကတော့ မနေ့ညက ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ (၂)ဂိုး (၃)ဂိုးနဲ့ အနိုင်ရလိုက်တာကြောင့် ဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်ခဲ့တာကြောင့် ဆော်ဒီကလပ်အသင်းတွေထဲမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖိုင်နယ်ထိ ရောက်ရှိနိုင်ခဲ့တဲ့ ပထမဆုံးသော အသင်းပါ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : detikSport

ဒီပွဲစဉ်မှာ အယ်လ်ဟီလာအသင်းအတွက် ခြေစွမ်းပြသခဲ့နိုင်ခဲ့သူကတော့ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆော်ဒီအာရေဗျအသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီး အယ်လ်ဒေါ်ဆာရီဖြစ်ပြီး အခုပွဲမှာလည်း ပင်နယ်တီကနေ သွင်းဂိုး(၂)ဂိုး သွင်းယူပေးခဲ့သလို အနိုင်ဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။ အခုတော့ ဒီနိုင်ပွဲကြောင့် အယ်လ်ဟီလာအသင်းဟာ ဖိုင်နယ်ကို တတ်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပြီး ဂျပန်ကလပ် ကာရှီမာအန်တလာစ်အသင်း ယူအေအီးကလပ် အယ်လ်အိန်းအသင်းတို့ပြီးနောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ဆီ တတ်လှမ်းနိုင်ခဲ့တဲ့ တတိယမြောက် အာရှအသင်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : TROME

ဒီကနေ့ညမှာတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းလည်းဖြစ်ပြီး ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံလည်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းက အာဖရိက ချန်ပီယံ အီဂျစ်ကလပ် အယ်လ်အာလီအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ဥရောပထိပ်သီး ရီးယဲလ်အတွက် လွယ်ကူနိုင်တဲ့ ပြိုင်ပွဲတစ်ခုလို့ ဆိုနိုင်ပေမယ့်လည်း ပြိုင်ဘက်အသင်းရဲ့ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်ထားမှုနဲ့ ရီးယဲလ်အသင်းရဲ့ လက်ရှိ form မတည်ငြိမ်မှုတွေက ရီးယဲလ်အတွက် အနည်းငယ်တော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ တကယ်လို့ ရီးယဲလ်က အယ်လ်အာလီကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဖိုင်နယ်ကို (၅)ကြိမ်မြောက်အဖြစ် တတ်လှမ်းနိုင်မှာဖြစ်ပြီး ဒီအရေအတွက်က ဘာစီလိုနာအသင်းထက် တစ်ကြိမ် သာလွန်သွားမှာ ဖြစ်သလို ဖိုင်နယ်ရောက်တိုင်း ဗိုလ်စွဲတတ်တဲ့ အစဉ်အလာကောင်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ ရီးယဲလ်အတွက် အလားအလာ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် မော်ရိုကိုနိုင်ငံက Prince Moulay Abdellah Stadium ကွင်းကြီးထဲ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

Exit mobile version