MySport Myanmar

အမ်ဘာပေကို ၂နှစ်ထဲနဲ့ ဘီလီယံနာ ဖြစ်မယ့် စာချုပ်နဲ့ ကမ်းလှမ်းထားတဲ့ အယ် ဟီလယ်

ဆော်ဒီ စူပါလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အယ် ဟီလယ်က ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကြယ်ပွင့်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ယူရို ၁ဘီလီယံ ဝန်းကျင် တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရှခီယာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်က ၁နှစ်သာ သက်တမ်း ကျန်ရှိတော့သလို စာချုပ်သစ် ချုပ်ဖို့လည်း ငြင်းဆန်ထားသူပါ။

Photo Credit: Team Talk

ဒါကြောင့်ပဲ ပီအက်စ်ဂျီက အမ်ဘာပေကို ယခုလမကုန်ခင်မှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ရင်ချုပ် ၊ မချုပ်ရင် ဒီနွေဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖို့ ရာဇသံ ပေးထားပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေနဲ့ အမ်ဘာပေရဲ့ ရှေ့နေတွေက အပြောင်းအရွှေ့ကိစ္စ အတွက် အကျေအလည် ဆွေးနွေးနေကြပါတယ်။

လက်ရှိမှာတော့ အယ် ဟီလယ် ၊ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်တို့က အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ပီအက်စ်ဂျီကတော့ အမ်ဘာပေ အတွက် ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ပေးချေမယ့် အယ် ဟီလယ်ဆီ အမ်ဘာပေကို ရောင်းထုတ်ချင်နေပါတယ်။

Photo Credit: Libero

နာမည်ကြီး သတင်းဌာနတွေရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ အယ် ဟီလယ်က အမ်ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅၀သန်း အထိ ပေးချေဖို့ အဆင်သင့် ရှိနေသလို အမ်ဘာပေကသာ သူတို့အသင်းဆီ ပြောင်းလာမယ် ဆိုရင် ကာလတိုစာချုပ်နဲ့ပဲ ဖြစ်ဖြစ် ခေါ်ယူဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရှခီယာကလည်း အယ် ဟီလယ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး အယ် ဟီလယ်က အမ်ဘာပေဆီ တနှစ် လုပ်ခလစာ ယူရို ၄၀၀သန်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ပေးပို့ထားကြောင်း ဆိုပါတယ်။

Exit mobile version