ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းက အခုလထဲမှာပဲ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် GOAT ကြီး လီယွန်နယ်မက်ဆီကို လာမယ့် တစ်ပတ်အတွင်းမှာ အသင်းဆီ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာဖွယ် ရှိနိုင်တယ်လို့ စပိန်သတင်းမီဒီယာ Diario AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Is Messi leaving PSG for Saudi Arabia's Al Hilal? | Sports | Al Jazeera

Photo Credit : Al Jazeera

အာဂျင်တီးနားရဲ့ icon player ကြီး မက်ဆီဟာ ဘာစီလိုနာနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက် ပီအက်စ်ဂျီဆီ (၂)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ အသင်းနဲ့ မက်ဆီကြားက စာချုပ်သက်တမ်းဟာလည်း ကုန်ဆုံးတော့မှာ ဖြစ်သလို ဒီနွေမှာပဲ မက်ဆီက အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်းကိုလည်း ပီအက်စ်ဂျီက ထုတ်ပြန်ထားပါတယ်။ အခုတော့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့အတူ သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးသောပွဲကိုပါ ဆင်နွဲခဲ့ပြီးပြီဖြစ်လို့ မက်ဆီအနေနဲ့ နွေမှာ အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : CNN

ပရိသတ် အများစုကတော့ မက်ဆီအနေနဲ့ သူ့အသင်းဟောင်း ဘာစီလိုနာဆီကိုပဲ ပြန်သွားလိမ့်မယ်လို့ ယုံကြည်ထားကြပေမယ့်လည်း လတ်တလော အခြေအနေမှာတော့ မက်ဆီဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့ဖို့သာ နီးစပ်လို့ နေပါတယ်။ AS ရဲ့ ဖော်ပြချက်မှာတော့ အယ်လ်ဟီလယ်အသင်းဘက်က မက်ဆီကို သူတို့ အပြီးသတ် ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဇွန်(၆)ရက်နေ့မှာပဲ ထုတ်ပြန်လိမ့်မယ်လို့ အတိအကျပါ ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာကလည်း ဒီရက်ပိုင်းအတွင်းမှာပဲ မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် လာလီဂါနဲ့ ညှိနှိုင်းမှုတွေ အပြီးသတ် လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။

Photo Credit : News Beat Online

ဒါပေမယ့် ဒီနေရာမှာ မက်ဆီရဲ့ဖခင်လည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ ဂျော့မက်ဆီကတော့ အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောကျနေပြီး အယ်လ်ဟီလယ်ကလည်း မက်ဆီကို တစ်နှစ်လုပ်ခ ယူရို သန်း(၄၀၀)နဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုသွားဖို့လည်း ပြင်ဆင်နေပါတယ်။ မက်ဆီကိုယ်တိုင်ကတော့ သူ့အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားချင်နေပေမယ့် လတ်တလော အခြေအနေတွေအရ အယ်လ်ဟီလယ်အသင်းကသာ မက်ဆီကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။