ဆော်ဒီပရိုလိဂ်ရဲ့ နာမည်ကျော် ကလပ် အယ်လ်ဟီလယ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ် ကစားသမား လူကာကူအတွက် (၃)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းထားပြီး အဲ့ဒီ စာချုပ်ကို ချုပ်ဆိုမယ်ဆိုရင် အဲ့ဒီ (၃)နှစ်စာအတွက်ပါ ပေါင် သန်း (၇၀)အထိ ပေးချေသွားမယ်လို့ ကမ်းလှမ်းထားခဲ့ပါတယ်။

Photo Credit : We Ain’t Got No Histroy

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အင်တာမီလန်အသင်းမှာ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး အခုလည်း အင်တာကို အပြီးသတ် ပြောင်းရွှေ့ချင်နေပေမယ့် လူကာကူအတွက် အင်တာဘက်က ကမ်းလှမ်းမှုတွေက လူကာကူရဲ့ မူလကလပ် ချယ်လ်ဆီးအသင်း အလိုရှိနေတဲ့ တန်ကြေးမျိုး ဖြစ်မလာသေးလို့ အပြောင်းအရွှေ့က ကြန့်ကြာနေရပါတယ်။ ချယ်လ်ဆီးက သူတို့အသင်းနဲ့ ပူးပေါင်းလိုခြင်း မရှိတော့တဲ့ လူကာကူအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း(၄၀) သတ်မှတ်ထားပြီး လက်ရှိမှာလည်း လူကာကူကို အင်တာ နဲ့အပြိုင် ဂျုဗင်တပ်စ်ကလည်း စိတ်ဝင်စားနေပါတယ်။

Photo Credit : Sky Sports

ဒီအချိန်မှာ နွေဈေးကွက် ဖွင့်လှစ်ချိန်ကတည်းက လူကာကူရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက လူကာကူအတွက် ချယ်လ်ဆီး အလိုရှိနေတဲ့ ပေါင် သန်း (၄၀) တန်ကြေးအတိုင်း ကမ်းလှမ်းသွားဖို့ အဆင့်သင့် ရှိနေသလို ကစားသမားအတွက်ကိုပါ (၃)နှစ်စာချုပ်အတွက် ပေါင် သန်း (၇၀)အထိ ပေးချေသွားဖို့ပါ စီစဉ်ထားပါတယ်။ ဒီပမာဏက ချယ်လ်ဆီးရော လူကာကူပါ လက်ခံချင်စရာ အနေအထား ဖြစ်နေတယ် ဆိုပေမယ့်လည်း လူကာကူကတော့ ဥရောပမှာသာ သူရဲ့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းလိုတာကြောင့် ဒီကမ်းလှမ်းမှုကြီးကိုလည်း ထပ်မံ ပယ်ချဖွယ် ရှိနိုင်ပါတယ်။

ဒါကြောင့် ဒီအခြေအနေမှာ ဥရောပကလပ် တစ်သင်းသင်းကသာ လူကာကူကို ပေါင် သန်း (၄၀)နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ လူကာကူအနေနဲ့ အဲ့ဒီအသင်းကိုသာ ပျော်ပျော်ကြီး ပြောင်းရွှေ့သွားဖို့ ရှိနေပြီး ဆော်ဒီကို ပြောင်းရွှေ့ ကစားဖို့ကတော့ အခုချိန်ထိကို ခါးခါးသီးသီး ဖြစ်နေပါသေးတယ်။