MySport Myanmar

အယ်လ်ဟီလာက နည်းပြဘဝအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲလို့ အင်ဇာဂီ ဖွင့်ဟ

အင်တာမီလန်အသင်းကနေ ထွက်ခွာခဲ့တဲ့ နည်းပြ ဆီမြွန်နီ အင်ဇာဂီကို ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းက သူတို့ရဲ့ နည်းပြအသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အယ်လ်ဟီလာအသင်းက ဒီရာသီအတွင်း ဆော်ဒီပရိုလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားကို လက်လွတ်လိုက်ရပြီးချိန် အသင်းနည်းပြကြီး ဂျော့ ဂျီးဆပ်စ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဥရောပ ဘောလုံးနယ်ပယ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ အင်တာနည်းပြ အင်ဇာဂီကို မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

Photo Credit : Youtube

မီဒီယာတွေရဲ့ ဖော်ပြချက်အရ အင်ဇာဂီဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး အရှက်ရစရာ မဖြစ်ခင်ကတည်းက ဆော်ဒီကို သွားဖို့ စီစဉ်နေခဲ့တယ်လို့ သိရပါတယ်။ အင်တာမီလန်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့ရပြီး စိတ်ပျက်စရာ အဆုံးသတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ဒုတိယအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရှုံးနိမ့်မှု ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းကလည်း မန်စီးတီးကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။ အဲဒီရှုံးပွဲအပြီးမှာ နည်းပြက ရာထူးကနေ နုတ်ထွက်ပြီး အယ်လ်ဟီလာကို စိန်ခေါ်မှုအသစ်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

စာချုပ်ချုပ်ဆိုမှုတွေ အပြီးသတ်ပြီးနောက် အင်ဇာဂီက “ကျွန်တော် အီတလီအပြင် ပြည်ပမှာပါ နည်းပြလုပ်ချင်ခဲ့တာ ကြာပါပြီ။ ကျွန်တော့်အတွက် အယ်လ်ဟီလာက ကျွန်တော့်နည်းပြဘဝအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။ အယ်လ်ဟီလာအသင်းကို ကျွန်တော်သိပါတယ်။ အာရပ်ဘောလုံးကို ကျွန်တော် လိုက်ပြီးကြည့်ပါတယ်။ ကျွန်တော် လာဇီယိုနဲ့ရော အင်တာမီလန်နဲ့ပါ ဆော်ဒီအာရေဗျမှာ လာကစားဖူးပါတယ်။”

Photo Credit : Football Italia

“ဒါကြောင့် ဒီလိဂ်ကို ကျွန်တော် စိတ်ဝင်စားခဲ့တယ်။ အယ်လ်ဟီလာကိုလည်း အမြဲတမ်း နှစ်နှစ်ခြိုက်ခြိုက် စိတ်ဝင်စားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဆာဂေး မီလင်ကိုဗစ်-ဆာဗစ် ရှိနေလို့ပါပဲ။ သူ့ကို ကျွန်တော် လာဇီယိုအသင်းမှာတုန်းက နည်းပြခဲ့ဖူးပါတယ်။ သူ့ကို ဒီကလပ်မှာ ပြန်တွေ့ရတာ ပျော်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အယ်လ်ဟီလာ နည်းပြသစ်အဖြစ် တာဝန်ယူရတော့မယ့် အင်ဇာဂီဟာ သူရဲ့ပထမဆုံး ပွဲဦးထွက်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာက ဇာဘီ အလွန်ဆိုရဲ့ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲဖြစ်ပြီး ဇွန်လ(၁၈)ရက်နေ့မှာ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

Exit mobile version