MySport Myanmar

နူနက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အယ်လ်ဟီလာ

လီဗာပူးလ်အသင်းဟာ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ဥရုဂွေးတိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ရောင်းထုတ်ဖို့အတွက် ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းနဲ့ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေတာကြောင့် နူနက်ဇ်တစ်ယောက် အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေရပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ်လ်ဟီလာအသင်းက နူနက်ဇ်ရဲ့ ကိုယ်စားလှယ်များနဲ့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ဥရုဂွေးသားဟာ သူတို့ရဲ့ နွေရာသီ ထိပ်တန်းပစ်မှတ်များထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ အသက်(၂၆)နှစ်အရွယ် တိုက်စစ်မှူးကို အပြီးသတ် ရောင်းချဖို့အတွက် တံခါးဖွင့်ထားပြီး လာမယ့်ရက်ပိုင်းများအတွင်း အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photo Credit : Goal

နူနက်ဇ်ဟာ ၂၀၂၂ ခုနှစ်ကမှ ပေါင်(၈၅)သန်းနဲ့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း အသင်းမှာ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် ဒီနွေမှာပဲ အန်ဖီးလ်ကနေ ထွက်ခွာရတော့မယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ နည်းပြအာနေး စလော့ရဲ့ လက်အောက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး လက်ရှိ အသင်းက အီဆက်ခ်လို တန်ကြေးများလွန်းတဲ့ ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ နူနက်ဇ်ကို ရောင်းချခြင်းက အသုံးဝင်မယ့် ရန်ပုံငွေများကို ရရှိစေနိုင်ပါတယ်။

ဒါပေမယ့်လည်း နူနက်ဇ်ဟာ ပြီးခဲ့သည့်လက စတင်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ သွင်းဂိုး (၄)ဂိုးအထိ သွင်းယူထားပြီး စတုတ်စီးတီးအသင်းနဲ့ ကွင်းပိတ်ကစားခဲ့သောပွဲမှာပဲ ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပါတယ်။ နူနက်ဇ်က ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ အသင်းအတွက် (၄၇)ပွဲအထိ ကစားထားချိန်မှာတောင် သွင်းဂိုး (၇)ဂိုးသာ သွင်းနိုင်ခဲ့တဲ့အထိ form အတော်လေး အောက်ခဲ့ရပါတယ်။

Photo Credit : Sports Buddy

လက်ရှိမှာတော့ နူနက်ဇ်ကို ဆော်ဒီကလပ်ရဲ့ မြင့်မားတဲ့ ကမ်းလှမ်းမှုအပြင် အီတလီထိပ်သီးကလပ်များဖြစ်တဲ့ ဂျူဗင်တပ်စ်နှင့် နာပိုလီတို့ကလည်း စိတ်ဝင်စားနေကြပြီး အပြောင်းအရွှေ့ကာလ မပိတ်မီ စက်တင်ဘာလ (၁)ရက်နေ့မတိုင်မီ နောက်ထပ် ကမ်းလှမ်းမှုများလည်း ထွက်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် နူနက်ဇ်ကို ဘယ်အသင်းမှာ ကစားရမလဲဆိုတာ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင် လီဗာပူးလ်အသင်းဟာ ဒီရက်ပိုင်းမှာပဲ လာလီဂါကလပ် ဘီလ်ဘာအိုနဲ့ ခြေစမ်းပွဲ ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးတာနဲ့ အက်ဖ်အေဖလား ချန်ပီယံ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲကို ဆက်လက် ကစားသွားရပါမယ်။ ဒီပွဲတွေပြီးရင်တော့ လာမယ့် သြဂုတ်လ (၁၅)ရက်နေ့မှာ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် ဆက်လက်ပြင်ဆင်သွားရမှာဖြစ်ပြီး အီဆက်ခ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေများကိုလည်း စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Exit mobile version