MySport Myanmar

နေမာ နေရာအတွက် ဗင်နီစီယပ်စ်ကို ရအောင် ကြိုးပမ်းသွားမယ့် အယ်လ်ဟီလာ

ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ်နဲ့ လက်ရှိချန်ပီယံ အယ်လ်ဟီလာအသင်းဟာ အသင်းရဲ့ mega signing ထိပ်တန်းကစားသမားဖြစ်သူ ဘရာဇီးလ် တိုက်စစ်မှူး နေမာနေရာမှာ အစားထိုးဖို့အတွက် ရီးယဲလ် မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို အရ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ စပိန် နာမည်ကြီး သတင်းမီဒီယာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

အယ်လ်ဟီလာအသင်းဟာ မီထရိုဗစ် မယ်လ်ကွန် မီလင်ကိုဗစ်ဆာဗစ် ကန်ဆယ်လို နေးဗက်စ် ကူလီဘလီ ဘူနူတို့နဲ့ ဆော်ဒီလိဂ်ရဲ့ အင်အားအကြီးမားဆုံး အသင်းတစ်သင်း ဖြစ်နေတဲ့အပြင် ဒေသတွင်းမှာလည်း ပြိုင်ဘက်ကင်း ဖြစ်လို့နေပါတယ်။ ဒါ့အပြင် နေမာလို ထိပ်တန်း ဒိတ်ဒိတ်ကြဲ ကစားသမားတစ်ဦးကိုပါ ပိုင်ဆိုင်ထားတဲ့ အယ်လ်ဟီလာဟာ အာရှတွင်းမှာလည်း အင်အားကြီး အသင်းတစ်သင်းပါ ဖြစ်နေရပါတယ်။

Photo Credit : Goal

ဒါပေမယ့်လည်း နေမာက ဒဏ်ရာ ပြဿနာတွေကြောင့် အသင်းအတွက် သိပ်မကစားပေးနိုင်သလို မကြာခင်မှာလည်း သူနဲ့ အယ်လ်ဟီလာအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ နေမာ နေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်း ကစားသမားတစ်ဦးကို ရှာဖွေလာခဲ့ပါတယ်။

လက်ရှိမှာတော့ အယ်လ်ဟီလာဟာ နေမာ နေရာအတွက် သူနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ရီးယဲလ် ကြယ်ပွင့် ကစားသမား ဗင်နီစီယပ်စ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပြီး လာမယ့်နွေဈေးကွက်မှာပဲ ငြင်းဆန်လို့ မလွယ်နိုင်မယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Goal

ဒါပေမယ့် အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်တဲ့အပြင် စာချုပ်သစ် ချုပ်ဆိုတုန်းကလည်း တစ်ဘီလီယံ တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးကိုပါ ထည့်သွင်းထားတာဖြစ်လို့ အယ်လ်ဟီလာအနေနဲ့ အဲ့ဒီတန်ကြေးနဲ့ ကမ်းလှမ်းဖို့ဆိုတာက ခက်ခဲနိုင်ပါတယ်။

ဒါ့အပြင် ဗင်နီစီယပ်စ်ကလည်း ဒီနှစ်ရဲ့ ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့က သေချာသလောက် ဖြစ်နေတာကြောင့် သူရဲ့ ကစားသမားဘဝကို ဥရောပ ဘောလုံးနယ်ပယ်မှာပဲ ဆက်လက် ကျင်လည် ဖြတ်သန်းသွားဖွယ်သာ ရှိနိုင်ပြီး ဆော်ဒီဘက်က ကမ်းလှမ်းလာမယ့် ဘယ်လို ကမ်းလှမ်းမှုမျိုးမဆို ငြင်းဆန် ပယ်ချသွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version