ဒီဈေးကွက်အတွင်းမှာ ရူဘင် နေးဗက်စ် ၊ ကာလီဒို ကူလီဘာလီတို့ကို ခေါ်ယူထားခဲ့တဲ့ ဆော်ဒီ စူပါလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ အခုလည်း ပီအက်စ်ဂျီအသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား မာကို ဗာရက်တီကို ခေါ်ယူဖို့အတွက် အယ်လ်ဟီလယ် တာဝန်ရှိသူတွေက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီ ရောက်ရှိနေတယ်လို့ သိရပါတယ်။

Herrera: Verratti is on the level of Xavi and Iniesta

Photo Credit : FIFA

အယ်လ်ဟီလယ်အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အဂါင်္နေ့ကမှ ပဲရစ်ကို ရောက်ရှိလာခဲ့ပြီး ဗာရက်တီကို ခေါ်ယူရေးအတွက် တိုက်ရိုက် ညှိနှိုင်း ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားခဲ့ပါတယ်။ အသက် (၃၀)အရွယ်ရှိ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဗာရက်တီဟာ ကလပ်အသင်းနဲ့ ၂၀၂၆ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း ဒီနွေမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားဖို့ စဉ်းစားလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေသလို အေးဂျင့်ဖြစ်သူက ဗာရက်တီအနေနဲ့ တစ်ခုခု လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ မှတ်ချက်ပြုထားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့ ကစားသမားဖြစ်လို့ အယ်လ်ဟီလယ်က ဗာရက်တီအတွက် ပြောင်းရွှေ့ကြေး အသုံးပြုပြီး ကမ်းလှမ်းသွားရမှာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ကမ်းလှမ်းထားခြင်း မရှိသေးပဲ လီဂူးကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက်ကိုသာ ကိုယ်စားလှယ်တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။ ဗာရက်တီကိုယ်တိုင်ကလည်း ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ကို စဉ်းစားလျက် ရှိနေပြီး မကြာသေးခင်ကမှ ကလပ်အသင်းဖော် ကီလီယန် အမ်ဘာပေနဲ့ ညစာ အတူစားရင်း ဒီနွေမှာ အသင်းကနေ ထွက်ခွာမယ်ဆိုရင် ပီအက်စ်ဂျီက သူ့အတွက် ပြောင်းရွှေ့ကြေးကို အမြောက်အများ တောင်းဆိုနိုင်တာမို့ အသင်းက ထွက်ခွာဖို့ ခက်ခဲနိုင်တယ်ဆိုပြီး ရင်ဖွင့်ခဲ့ပါသေးတယ်။

Photo Credit : Eurosport

ဒါပေမယ့်လည်း အယ်လ်ဟီလယ်ကတော့ ဗာရက်တီကို သူတို့အသင်းဆီ အရ ခေါ်ယူသွားဖို့ အသေအချာ စီစဉ်လျက် ရှိနေသလို ဗာရက်တီအတွက် ဆွေးနွေးနေစဉ်မှာပဲ ပြင်သစ် ဘောလုံးဈေးကွက်အတွင်း နည်းပြတစ်ဦးကိုပါ ရှာဖွေသွားဖွယ်လည်း ရှိနေပါတယ်။