MySport Myanmar

ဂျာအို ဖီးလစ်ကိုပါ ကမ်းလှမ်းမှု ပြုလုပ်ထားသေးတဲ့ ဆော်ဒီကလပ် အယ်လ် ဟီလာ

ဆော်ဒီ ကလပ်အသင်းတွေမှာ ကစားသမား ခေါ်ယူမှု အကြမ်းစားတွေ လုပ်ဆောင်နေတဲ့ အယ်လ် ဟီလာအသင်းက အခုလည်း အသက်လက်တီကိုရဲ့ ပေါ်တူဂီ တိုက်စစ် ကစားသမား ဂျာအို ဖီးလစ်ကိုပါ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ဂျာအိုဖီးလစ်က အသက်လက်တီကိုမှာ နည်းပြ ဆီမြွန်နီနဲ့သာမကပဲ တခြား အသင်းဖော်တွေနဲ့ပါ အဆင်မပြေ ဖြစ်နေမှုကြောင့် အသင်းကနေ ထွက်ခွာချင်နေပြီး သူ့ကိုလည်း ဘာစီလိုနာအသင်းက စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

Photo Credit : Twitter

ဖီးလစ်က သိပ်မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်တစ်ခုမှာ သူ့အနေနဲ့ ဘာစီလိုနာမှာ ကစားချင်ကြောင်း ဘာစီလိုနာက သူရဲ့ အိမ်မက် ကလပ်သင်းဖြစ်ကြောင်း ဖွင့်ဟထားခဲ့တာကြောင့် ဒီလို လူသိရှင်ကြား ပြောဆိုထားတဲ့ ဖီးလစ်ကို အသက်လက်တီကိုက ဈေးကွက်မပိတ်ခင် ရှင်းထုတ်သွားချင်နေပါတယ်။

ဘာစီလိုနာကလည်း သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဂျာအို ဖီးလစ်ကို ခေါ်ယူသွားချင်ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ခေါ်ယူဖို့ ခဲယဉ်းနေချိန် ဆော်ဒီကပ် အယ်လ် ဟီလာက ဒီအပြောင်းအရွှေ့ထဲ စတင် ဝင်ရောက်လာခဲ့ပါတယ်။

Photo Credit : Goal

အယ်လ် ဟီလာက ဖီးလစ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စတင် ချဉ်းကပ်လာခဲ့တာဖြစ်ပြီး အငှားခေါ်ယူကြေးကိုလည်း အမြောက်အများ ပေးချေသွားဖွယ် ရှိနေသလို ဖီးလစ်အတွက်ကိုလည်း ခံစားခွင့်တွေ ထပ်မံ လုပ်ဆောင်ပေးသွားဖို့ပါ ရှိနေပါတယ်။

ဒါပေမယ့် ဖီးလစ်ကတော့ ဘာစီလိုနာမှ မဟုတ်ရင်တောင် ဥရောပ ဘောလုံးရပ်ဝန်းမှာပဲ ဆက်လက် ကျင်လည်သွားချင်နေပြီး သူ့ကို ဈေးကွက်ပိတ်ချိန်ထိ ဘယ်ကလပ်အသင်းကမှ မကမ်းလှမ်းမှသာ အယ်လ် ဟီလာရဲ့ ကမ်းလှမ်းမှုကို စဉ်းစားသွားဖွယ် ရှိနေပါတယ်။

Exit mobile version