ဆော်ဒီ စူပါလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အယ် အာလီက စီးရီးအေ နာမည်ကြီးကလပ် ဖီအိုရင်တီးနား ကနေ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘက်ကို ကြားဖြတ် ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဖရက်ဒ် ၊ ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့ကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး သူတို့သုံးဦးရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အမ်မရာဘက်ကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းပါ။

Photo Credit: Standard

အသက် ၂၆နှစ် အရွယ် မော်ရိုကို အသင်းခေါင်းဆောင် အမ်မရာဘက်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က အမ်မရာဘက်ကို ယခု နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အခြားအသင်းတွေကို ကျော်ဖြတ်ကာ အမ်မရာဘက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပါတယ်။

Photo Credit: Khel Now

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် အာလီက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အမ်မရာဘက်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနေပြီး အယ် အာလီဟာ အမ်မရာဘက်ကို မန်ချက်စတာ ယူနိုက်တက်မှာ ရရှိမယ့် လုပ်ခလစာထက် အနည်းဆုံး ၃ဆ ပိုများတဲ့ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အယ် အာလီရဲ့ လုပ်ခလစာမြင့် ကမ်းလှမ်းမှုကို ရထားပေမယ့် အမ်မရာဘက်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က အမ်မရာဘက်ရဲ့ အပြောင်းအရွှေ့ အတွက် ဖီအိုရင်တီးနားနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။