MySport Myanmar

ဗင်နီစီယပ်စ်အတွက် ယူရိုသန်း(၃၅၀)အထိ သုံးစွဲသွားဖို့ ပြင်ဆင်နေတဲ့ အယ်လ်အာလီ

ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ်အသင်း တစ်သင်းဖြစ်တဲ့ အယ်လ်အာလီအသင်းကတော့ ရီးယဲလ်မက်ဒရစ်က ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဂျူနီယာကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၅၀)အထိတောင် အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ ဘင် ဂျကော့က သတင်းဖော်ပြလာခဲ့ပါတယ်။

ဥရောပလိဂ်တွေက ထိပ်သီးကစားသမားတွေကို မက်မောလောက်စရာ ငွေကြေးများနဲ့ ကမ်းလှမ်းတက်လေ့ရှိတဲ့ ဆော်ဒီလိဂ် ကလပ်အသင်းတွေဟာ ရော်နယ်လ်ဒို နေမာ ဘန်ဇီမာတို့လို ကစားသမားကောင်းတွေ ခေါ်ယူထားနိုင်သည့်တိုင် ဆာလာ ဗင်နီစီယပ်စ်တို့ကိုပါ သူတို့လိဂ်ပြိုင်ပွဲဆီ ရောက်ရှိလာဖို့ ထပ်မံ ကြိုးပမ်းနေကြပါတယ်။

Photo Credit : SPORTbible

ဗင်နီစီယပ်စ်ဆိုရင်လည်း ဆော်ဒီလိဂ်က အယ်လ်ဟီလာ အယ်လ်အစ်တီဟတ်တို့လို အသင်းတွေရဲ့ အလိုအရှိဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့သလို အခုဆိုရင် ဖာမီနို မာရက်ဇ်နဲ့ တိုနေးတို့ကို ပိုင်ဆိုင်ထားတဲ့ အယ်လ်အာလီအသင်းကပါ ဗင်နီစီယပ်စ်ကို အရ ခေါ်ယူသွားချင်နေပြန်ပါတယ်။

အယ်လ်အာလီဟာလည်း ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတဲ့ ဆော်ဒီကလပ် အသင်းတစ်သင်း ဖြစ်ပေမယ့် အယ်လ်ဟီလာ အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်အသင်းတွေလို အမှတ်ပေးဇယားထိပ်နားမှာ မရပ်တည်နိုင်ဘဲ အခုလည်း အဆင့်(၅)နေရာမှာ ရပ်တည်နေရသလို ဆုဖလား အောင်မြင်မှုတွေနဲ့ပါ အလှမ်းဝေးနေရပါတယ်။

Photo Credit : Football Transfer

ဒီလိုအချိန်မှာ အသင်းသစ် လုံးဝ mega signing ကြီးတစ်ခုအဖြစ်နဲ့ ဗင်နီစီယပ်စ်လို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို အသင်းဆီ ခေါ်ဆောင်နိုင်ဖို့ ငွေကြေးများစွာ အသုံးပြုသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးသတင်းထောက် ဘင် ဂျကော့ရဲ့ အဆိုအရ အယ်လ်အာလီဟာ ဗင်နီစီယပ်စ်အတွက် ယူရိုသန်း(၃၅၀)နဲ့ လာမယ့်နွေမှာ စတင် ကမ်းလှမ်းမယ်လို့လည်း သိရပါတယ်။

ဗင်နီစီယပ်စ်အနေနဲ့ကတော့ ရီးယဲလ်အသင်းမှာပဲ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ ရှိနေတဲ့အပြင် ရီးယဲလ်နဲ့ ဗင်နီစီယပ်စ်တို့ကြားမှာလည်း ယူရိုတစ်ဘီလီယံအထိ တန်ဖိုးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးကိုပါ ချုပ်ဆိုထားသေးတာဖြစ်လို့ ဒီလို ကစားသမားကို ကမ်းလှမ်းဖို့ဆိုတာ အတော်လေး ခက်ခဲရနိုင်ပါတယ်။

Exit mobile version