မကြာသေးမီကမှ ဆီနီဂေါကြယ်ပွင့် ဂိုးသမား မန်ဒီနဲ့ ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး ဖာမီနိုတို့ကို ခေါ်ယူထားတဲ့ ဆော်ဒီ နာမည်ကြီးကလပ် အယ် အာလီက အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြချုပ် ဆီမြွန်နီကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အယ်မိုင်ဒါက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အယ် အာလီက စပါးနဲ့ ဝုလ်ဗ်နည်းပြဟောင်း နူနို ဆန်းတို့စ် ဦးဆောင်နေတဲ့ လက်ရှိ ဆော်ဒီစူပါလိဂ် ချန်ပီယံ အယ် အီတီဟတ်ကို ယှဉ်နိုင်ဖို့ အတွက် ကမ္ဘာ့အဆင့် နည်းပြတဦးကို သူတို့အသင်းဆီ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကို ကာလရှည် ကိုင်တွယ်ခဲ့တဲ့ အာဂျင်တီးနား နည်းပြကြီး ဆီမြွန်နီဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Tribuna

အသက် ၅၃နှစ် အရွယ် အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ဒီယေဂို ဆီမြွန်နီက အက်သလက်တီကို မက်ဒရစ်ကို ၂၀၁၁ခုနှစ်မှ စတင်ကာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက အက်သလက်တီကို မက်ဒရစ် အတွက် လာလီဂါ ဆုဖလား ၂လုံး ၊ ဥရောပ စူပါဖလား ၂လုံး ၊ ယူရိုပါလိဂ် ၂လုံး ၊ စပိန်ဘုရင့်ဖလား ၁လုံးနဲ့ စပိန်စူပါဖလား ၂လုံး စုစုပေါင်း ဆုဖလား ၉လုံး အထိ ရယူပေးထားနိုင်သူပါ။

ဆီမြွန်နီက ကစားသမားသစ်တွေ ခေါ်ယူရာမှာ ငွေကြေး များများစားစား သုံးစွဲတတ်တဲ့ နည်းပြတဦး မဟုတ်ပေမယ့် သူက လက်ရှိ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ထားပြီး အက်သလက်တီကို မက်ဒရစ်က ဆီမြွန်နီကို တနှစ် လုပ်ခလစာ ယူရို ၄၃သန်း အထိ ပေးချေနေရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပက်ဒရို အယ်မိုင်ဒါရဲ့ ဖော်ပြချက်အရ အယ် အာလီက ဖာမီနိုရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီးနောက် ဆီမြွန်နီကို သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပြီး အယ် အာလီက ဆီမြွန်နီကို အခွန်ဆောင်ပြီး တနှစ် လုပ်ခလစာ ယူရို ၄၀သန်း ပေးချေကာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုချင်နေကြောင်း သိရပါတယ်။

ဆီမြွန်နီက အက်သလက်တီကို မက်ဒရစ်မှာ တနှစ် လုပ်ခလစာ ယူရို ၄၃သန်း အထိ ရရှိနေပေမယ့် စပိန်နိုင်ငံရဲ့ အခွန်ဥပဒေကြောင့် အခွန်ဆောင်ပြီး ယူရို ၂၀သန်းကျော်သာ ရရှိနေတာကြောင့် အယ် အာလီရဲ့ ကမ်းလှမ်းချက်က သူ့အတွက် မက်မောစရာ ဖြစ်ကာ ဆီမြွန်နီဟာ အယ် အာလီရဲ့ ကမ်းလှမ်းချက်ကို လက်ခံ စဉ်းစားနေကြောင်း နီးစပ်သူတွေက ဆိုပါတယ်။