MySport Myanmar

ဘာစီလိုနာဆီပဲ ပြောင်းချင်နေတဲ့ ရပ်ရှ်ဖို့ဒ်ကို စတင် ချဉ်းကပ်လာခဲ့တဲ့ အယ်လ်အာလီ

ဆော်ဒီနာမည်ကျော်ကလပ် အယ်လ်အာလီအသင်းဟာ ဒီဈေးကွက်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ကြားဖြတ် ခေါ်ယူသွားဖို့အတွက် ချဉ်းကပ်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာကနေ စတင်ပြီး ယူနိုက်တက်အတွက် ကစားပေးခွင့် မရခဲ့တာဟာ (၁၁)ပွဲဆက်တိုက်အထိ ရှိလာခဲ့ရပြီဖြစ်ပြီး အသင်းနည်းပြ ရူဘင် အမော်ရင်ကလည်း ရပ်ရှ်ဖို့ဒ်ကို တောက်လျှောက် လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

Photo Credit : Football Transfer

ဒီလို ပွဲကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့ ရပ်ရှ်ဖို့ဒ်ကို အေစီမီလန် ဘာစီလိုနာ ဒေါ့မွန် မိုနာကိုတို့လို အသင်းတွေက အငှားအပြောင်းအရွှေ့နဲ့ ခေါ်ယူချင်လာခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေသလို သူ့လုပ်ခလစာကိုပါ လျှော့ယူသွားဖို့လည်း ဆန္ဒရှိနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး ကျပ်တည်းနေတဲ့ အခြေအနေတွေကြောင့် အသင်းကနေ ကစားသမား ရှင်းထုတ်မှု မရှိဘဲနဲ့ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ မလွယ်ကူတာမို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခက်ခဲနေရချိန်မှာ ဆော်ဒီကလပ် အယ်လ်အာလီက ဒီအခြေအနေကို အခွင့်ကောင်းယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Goal

အယ်လ်အာလီအသင်းဟာ ဖာမီနို မာရက်ဇ် မန်ဒီနဲ့ အိုင်ဗန် တိုနေးတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားတဲ့ ထိပ်တန်း ဆော်ဒီလိဂ် အသင်းတစ်သင်းဖြစ်ပြီး မကြာသေးခင်ကလည်း ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဗင်နီစီယပ်စ်ကိုပါ ယူရိုသန်း(၃၅၀)နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်နေတဲ့အသင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗင်နီစီယပ်စ်ကို ခေါ်ယူဖို့ ဘယ်လိုမှ မလွယ်ကူနိုင်တဲ့ အခြေအနေတွေကြောင့် အယ်လ်အာလီက ရပ်ရှ်ဖို့ဒ်ကိုသာ ပြောင်းလဲ ကြိုးပမ်းလာခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကလည်း လက်ရှိကလပ် ယူနိုက်တက်ကနေ ထွက်ခွာရမယ်ဆိုရင်တောင်မှ ဘာစီလိုနာဆီသာ ဦးစားပေး ပြောင်းရွှေ့ချင်ကာ ဘာစီလိုနာမှ မဟုတ်ရင်တောင် ဆော်ဒီလိဂ်ဆီ သွားမှာမဟုတ်ဘဲ ဥရောပ ကလပ်အသင်းတွေမှာသာ ဆက်လက် ဖြတ်သန်းသွားချင်နေပါတယ်။

Exit mobile version