ဆော်ဒီ စူပါလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အယ် အာလီက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် နောက်ထပ် အားဖြည့်မှု အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဖရက်ဒ်ကို ခေါ်ယူရန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အယ် အာလီက ယခု နွေဈေးကွက် အတွင်းမှာ ဆီနီဂေါ ဂိုးသမား မန်ဒီကို ချယ်လ်ဆီးကနေ ပြောင်းရွှေ့ကြေး ယူရို ၁၈.၅သန်း သုံးကာ ခေါ်ယူထားသလို ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး ဖာမီနိုကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ပါသေးတယ်။

Photo Credit: Goal

အယ် အာလီက မန်ဒီနဲ့ ဖာမီနိုတို့ကို ရရှိထားပေမယ့် သူတို့ရဲ့ လိဂ်ပြိုင်ဘက်တွေ ဖြစ်တဲ့ အယ် နက်ဆာ ၊ အယ် အီတီဟတ်နဲ့ အယ် ဟီလယ်တို့က ထိပ်တန်း ကစားသမားတွေကို ဆက်တိုက် ခေါ်ယူနေတာကြောင့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဖရက်ဒ်ကို ထပ်မံ ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ်က မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ယခု နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေသလို ဖရက်ဒ်ကလည်း ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားပါတယ်။

Photo Credit: Goal

ဆော်ဒီဘောလုံးလောကရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်ရင် ယုံကြည်ရတဲ့ သတင်းထောက် မိုအာမက်ရဲ့ ဖော်ပြချက်အရ အယ် အာလီက ဖရက်ဒ်ကို ခေါ်ယူဖို့ ဖရက်ဒ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ် ၊ တူရကီကလပ် ဂါလာတာစာရေး စတဲ့ အသင်းတွေက အယ် အာလီနဲ့အပြိုင် ဖရက်ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်က ဖရက်ဒ်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းကို ပေးချေလိုစိတ် မရှိကြပဲ အယ် အာလီကတော့ ဖရက်ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းကို အခက်အခဲ မရှိ ပေးချေနိုင်ပါတယ်။