ဘောလုံးသမားတွေထဲမှာ အသန်မာဆုံးလို့တောင် ပြောလို့ရနိုင်တဲ့ အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် ဝိုင်ကမ်ဘီအသင်းရဲ့တိုက်စစ်ကစားသမား အာဒီဘာယိုအာကင်ဖန်ဝါကတော့ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ပြီးနောက်မှာ နပန်းလောကထဲကို ဝင်ရောက်သွားဖို့အတွက် ကမ္ဘာကျော်နပန်းဖျော်ဖြေရေးကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ WWE ထဲကို ဝင်ရောက်ဖို့အတွက် WWE ရဲ့ ဥက္ကဌဖြစ်သူ ဗင်းစ်မက်မဟွန်းနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်လို့နေပြီလို့ သိရပါတယ်။

Photo Credit : BeSoccer

အသက်(၃၈)နှစ်အရွှယ်ရှိ ဝါရင့်တိုက်စစ်ကစားသမားကြီး အာကင်ဖန်ဝါဟာ သူရဲ့ခြေစွမ်းတွေကြောင့် ဘောလုံးပရိသတ်တွေရဲ့ သတိထားမှုကို ရယူနိုင်ခဲ့သူမဟုတ်ပေမယ့် ဘောလုံးသမားထက် နပန်းသမားတစ်ယောက်လို ဖြစ်နေရတဲ့ သူရဲ့ကိုယ်နေဟန်ထားတွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ သာမာန်ဘောလုံးသမားတွေထက် လူကောင်ကြီးမားလွန်းတဲ့ အာကင်ဖန်ဝါဟာ သူရဲ့ဝိုင်ကမ်ဘီအသင်းကို လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ဆီကို ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး အခုတော့ သူရဲ့အသက်အရွှယ်အရ ဘောလုံးသမားဘဝကနေ အနားယူရမယ့်အချိန်ကို ရောက်နေပြီဖြစ်လို့ ဘောလုံးသမားဘဝကို အဆုံးသတ်ချိန်မှာ WWE နယ်ပယ်ကို ဝင်ရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Photo Credit : Sports Global TV

နောက်ဆုံးထွက် FIFA21 ဗီဒီယိုဂိမ်းထဲမှာပါ ကမ္ဘာ့အားအသန်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ အာကင်ဖန်ဝါဟာ WWE နပန်းလောကထဲကို ဝင်ရောက်ဖို့အတွက် စိတ်အားထက်သန်နေကြောင်းကို ပြီးခဲ့တဲ့ဧပြီလတုန်းကပဲ ထုတ်ဖော်ပြောဆိုထားခဲ့ပြီး သူရဲ့သားသမီးတွေကပါ သူ့ကို WWE မှာ နာမည်ကျော်နပန်းသမားတစ်ယောက် ဖြစ်စေချင်နေကြပါတယ်။ အာကင်ဖန်ဝါက သူရဲ့ဘောလုံးသမားဘဝကို ၂၀၀၁ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ကလပ်အသင်းပေါင်း(၁၄)သင်းအထိ ပါဝင်ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ နဂိုကတည်းက နပန်းသမားဖြစ်ချင်နေတဲ့ အာကင်ဖန်ဝါဟာ WWE ထဲကို ဝင်ရောက်ဖြစ်မယ်ဆိုရင် သူရဲ့နပန်းသမားနာမည်အတွက်ပါ စဉ်းစားထားပြီးပြီဖြစ်သလို သူရဲ့အဆုံးသတ်တိုက်ကွက်ကိုပါ “Beast Slam” လို့ပါ သတ်မှတ်ဖို့ပါ ဆုံးဖြတ်ထားပါတယ်။ အာကင်ဖန်ဝါရဲ့ လက်ရှိကိုယ်အလေးချိန်ဟာ (၂၂၄)ပေါင်အထိကို ရှိလို့နေပြီး ဒီကိုယ်အလေးချိန်က WWE က နပန်းသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ပမာဏမျိုးဖြစ်တာကြောင့် WWE ဘက်ကနေလည်း သူတို့ရဲ့ဖျော်ဖြေရေးလောကထဲကို အာကင်ဖန်ဝါလို ဘောလုံးသမားကနေ အသွင်ပြောင်းလာခဲ့တဲ့ ဖိုက်တာတစ်ယောက်ကို ထည့်သွင်းလာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။