ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်း အတွက် အကျိုးရှိစေမယ့် အပြောင်းအရွှေ့တွေကို လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ထားသူ ဖြစ်ပြီး လတ်တလောမှာတော့ ညာတောင်ပံနဲ့ ဗဟိုခံစစ် နေရာတို့အတွက် ကစားသမားနှစ်ဦး ကို ရှာဖွေနေသူ တစ်ဦးပါ။ ပြီးခဲ့တဲ့ မန်ယူ အသင်းက ဘုန်းမောက်အသင်းကို ၅-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ ဆိုးလ်ရှားဟာ ဘုန်းမောက်အသင်းရဲ့ ဗဟိုနောက်ခံလူ နသန်အကီဆီ သွားရောက် ကာ စကားစမြည် ပြောခဲ့တာကို တွေ့ရပြီး အကီနဲ့ ဆိုးလ်ရှားတို့ရဲ့ ရုပ်သံလွှင့်ဌာနတွေက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါ ဗွီဒီယို ရိုက်ကူးမိခဲ့တဲ့ အခိုက်အတန့် မှာတော့ ဆိုးလ်ရှားဟာ နသန်အကီဆီကို သွားရောက်ကာ မန်ယူအသင်းထံ ပြောင်းရွှေ့လာဖို့ အရိပ်အမြွက် စကားဆို သွားခဲ့တာကို တွေ့မြင် ရပါတယ်။ ဆိုးလ်ရှားဟာ ပွဲပြီးဆုံးချိန်မှာ ကွင်းအတွင်းကို တိုက်ရိုက် ဝင်သွားခဲ့ပြီး အကီနဲ့ စကားပြောခဲ့တာ ဖြစ်ကာ ” ငါတို့က ဘယ်သန် ဗဟိုခံစစ်မှူး တစ်ဦးကို လိုအပ်နေတယ် ” လို့ အကီကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။ အကီ ကတော့ ဆိုးလ်ရှားရဲ့ စကားကို ကြားလိုက် ရတဲ့ အချိန်မှာ အနည်းငယ် အံ့ဩသွားပုံပေါ်ပြီး ဘာစကားမှ မပြောနိုင်ခဲ့ပဲ ရယ်လျက်သာ တုံ့ပြန် သွားခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ဗွီဒီယို ဟာ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေ နဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေရဲ့ ကြားမှာ အတော်လေးကို ပျံ့နှံ့နေပြီး ဆိုးလ်ရှားဟာ အကီ ကို ခေါ်ယူဖို့အတွက် လာမယ့် နွေအပြောင်းအရွှေ့မှာ ကြိုးစားသွားဖွယ် ရှိတယ်လို့ သိရှိရပါတယ်။

 

Photo Credit: Express

အသက်၂၅နှစ်အရွယ် နယ်သာလန် ခံစစ်မှူး နသန်အကီဟာ အသက်အရွယ် ငယ်ရွယ်သေးပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဗဟို ခံစစ်မှူး တစ်ဦးဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ ကာလ တန်ကြေးဟာ ယူရို၂၈သန်း ရှိနေပါတယ်။ အကီဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင်တော့ ဘုန်းမောက်အသင်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ပွဲအထိ ကစားပေးခဲ့ပြီး ၂ဂိုး သွင်းယူကာ ၂ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် အကီရဲ့ ဘုန်းမောက်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အလားအလာ တွေ ရှိနေပြီး အကယ်၍ ဘုန်းမောက်အသင်း ကသာ တန်းဆင်းသွားရပါက အကီဟာ အသင်း ကနေ ကျိန်းသေပေါက် ထွက်ခွာနိုင်တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ သုံးသပ်သူတွေ ကတော့ လာမယ့် နွေအပြောင်းအရွှေ့မှာ ဆိုးလ်ရှားဟာ အကီကို ပြောင်းရွှေ့ကြေး ပေါင်၂၅သန်းလောက်နဲ့ ကျိန်းသေပေါက် ကမ်းလှမ်းလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။