မော်ဒိုဗာ ထိပ်သီးကလပ် ရှရစ်ဖ်ရဲ့ ကြယ်ပွင့် ကစားသမား အကန်ဘီကတော့ သူဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲကို ကစားဖို့ မစောင့်နိုင်တော့ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အကန်ဘီက ရှရစ်ဖ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ရှရစ်ဖ်အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Standard

အကန်ဘီက လျင်မြန်သလို တိုက်စစ်ရဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်တာကြောင့် ပြိုင်ဘက် ခံစစ်ကြောင်းတွေကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ပေးနိုင်စွမ်း ရှိသူ ဖြစ်ပြီး တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ လျင်မြန်တဲ့ တိုက်စစ်မှူးတွေကို ထိန်းချုပ်ကစားနိုင်စွမ်း နည်းပါးတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ တဦးပါ။

ဒါကြောင့်ပဲ အကန်ဘီက သူဟာ မက်ဂွိုင်းယား အပါအဝင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်မှူးတွေကို ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်နေပြီး သူဟာ မက်ဂွိုင်းယားနဲ့ ရင်ဆိုင် ကစားဖို့ မစောင့်နိုင်တော့ကြောင်း ပွဲကြို အင်တာဗျူးမှာ ထုတ်ပြောသွားခဲ့ပါတယ်။

Photo Credit: Standard

အကန်ဘီက – “ကျွန်တော်က အန်တိုနီ ၊ ရိုနယ်ဒိုနဲ့ ရက်ဖို့ဒ်တို့ကို ပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင် ကစားချင်ပါတယ်။ အထူးသဖြင့် ကျွန်တော်က မက်ဂွိုင်းယားနဲ့ အရမ်းကို ရင်ဆိုင်ချင်နေပါပြီ။ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ပွဲတပွဲပါ။ ယူနိုက်တက်လို ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတာက ကျွန်တော်တို့ ရှရစ်ဖ်အသင်း အတွက် ကောင်းသလို ကျွန်တော်တို့ကလည်း ယူနိုက်တက်နဲ့ပွဲမှာ အစွမ်းကုန် ကြိုးစား ကစားသွားမှာပါ။ ကျွန်တော်က အသင်းဖော်တွေကို ယုံကြည်သလို နည်းပြရဲ့ နည်းစနစ်တွေကိုလည်း ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။