၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကြီးကိုတော့ ဒီတစ်ပတ်ရဲ့ ကြားရက်တွေမှာ ကျင်းပစေခဲ့ပြီး ချန်ပီယံလိဂ်မှာ ပွဲဦးထွက်ခဲ့ရတဲ့ ကလပ်အသင်း ရှာရစ်ဖ်က နိုင်ပွဲစတင် ရရှိခဲ့သလို မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ်နဲ့ နာသန်အကီတို့မှာလည်း သူတို့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးတွေကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသင်းတွေ ကစားသမားတွေထက် ပိုမိုထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူကတော့ အေဂျက်စ်တိုက်စစ်မှူး ဆီဘက်စတန်ယီဟယ်လာပဲ ဖြစ်ပါတယ်။

Photo Credit : Explica

အသက်(၂၇)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်လာက ဖရန့်ဖတ် ဝက်စ်ဟမ်းယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကစားစမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းရာသီစျေးကွက်ကမှ ဝက်စ်ဟမ်းကနေ အေဂျက်စ်အသင်းဆီကို (၄)နှစ်ခွဲစာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဟယ်လာဟာ အသင်းဟောင်း ဖရန့်ဖတ် အေဂျက်စ်တို့နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲအထိသာ ဝင်ရောက်ဆင်နွဲဖူးတာဖြစ်ပြီး ဒီရာသီမှာမှ ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ဖူးတာဖြစ်သလို သူရဲ့ပွဲဦးထွက်မှာလည်း အေဂျက်စ်အသင်းအတွက်ကို သွင်းဂိုး(၄)ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : UEFA

ဟယ်လာရဲ့ အေဂျက်စ်အသင်းဟာ ဒေါ့မွန် ဘက်ဆစ်တက် စပို့တင်းလစ္စဘွန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပြီး ခြေရည်တူအသင်းအချင်းချင်းမို့ နောက်တစ်ဆင့်တတ်ရေးက အသင်းတိုင်းမှာ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။ အေဂျက်စ်အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပေါ်တူဂီ အမှတ်ပေးချန်ပီယံ စပို့တင်းလစ္စဘွန်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဟယ်လာရဲ့ သွင်းဂိုး(၄)ဂိုး အပါအဝင် အေဂျက်စ်အသင်းက စပို့တင်းအသင်းကို (၁)ဂိုး(၅)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဟယ်လာကတော့ သူရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ စတင်ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်မှာပဲ ဟက်ထရစ်ကိုပါ ကျော်လွန်ပြီး (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံးနေရာကိုပါ ရောက်သွားခဲ့ရပါတယ်။ တကယ်တော့ ဟယ်လာဟာ အရည်အသွေး ပြည့်ဝတဲ့ တိုက်စစ်မှူးကောင်း ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရကနေ နောက်ဆုံးတော့ သူကျင်လည်ခဲ့ဖူးတဲ့ နယ်သာလန််မြေကို ပြန်ရောက်လာခဲ့ကာ သွင်းဂိုးစွမ်းရည်တွေကို ပြန်လည်ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။