MySport Myanmar

ဆောင်းဈေးကွက်မှာ အန်တိုနီကို ပြန်လည် ခေါ်ယူသွားချင်နေတဲ့ အေဂျက်စ်

နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ သူတို့အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ တောင်ပံကစားသမား အန်တိုနီကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ပြန်လည် ခေါ်ယူသွားချင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် (၂၄)နှစ်အရွယ် တောင်ပံကစားသမား အန်တိုနီဟာ အေဂျက်စ်အသင်းမှာ ကစားခဲ့စဉ်တုန်းက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့လို့ ဥရောပ ကလပ်အသင်းတိုင်းရဲ့ စိတ်ဝင်စားခြင်းကို ရရှိခဲ့ရင်း ၂၀၂၂ခုနှစ်မှာတော့ အဲရစ် တန်ဟက်ဂ်ရဲ့ ကလပ်အသင်းသစ်ဖြစ်တဲ့ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Reuters

ယူနိုက်တက်က အန်တိုနီအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၁၀၀)လောက် အသုံးပြုပြီး ခေါ်ယူခဲ့ရပေမယ့် အန်တိုနီကတော့ ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်းမျိုး ပြသနိုင်ဖို့တောင် ရုန်းကန်နေသလို အသင်းအတွက် မယ်မယ်ရရ စွမ်းဆောင်ပြနိိုင်ခြင်း မရှိလို့ ပွဲကစားခွင့်တွေပါ ပျောက်ဆုံးလာခဲ့ရပါတယ်။

အန်တိုနီအနေနဲ့ ယူနိုက်တက်မှာ အနာဂတ်လည်း ရေရေရာရာ မရှိတော့တာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက သူ့ကို ကလပ်အသင်း တချို့ကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အန်တိုနီကိုယ်တိုင်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အန်တိုနီက ဒီရာသီထဲမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၄)ပွဲသာ ကစားထားရသေးသလို အဲ့ဒီ(၄)ပွဲမှာလည်း လိဂ်ဖလားပွဲ (၁)ပွဲတည်းသာ ပွဲထွက်ကစားခဲ့ရပါတယ်။

Photo Credit : BeSoccer

ဒီလို အခြေအနေတွေကြောင့်ပဲ အန်တိုနီက သူရဲ့ ပွဲကစားခွင့်တွေ ပြန်လည် ရရှိဖို့အတွက် အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်သလို ယူနိုက်တက် အသင်းဘက်ကနေလည်း အသင်းမှာ ဘယ်လိုမှ အသုံးမဝင်တော့တဲ့ အန်တိုနီကို အငှား ဒါမှမဟုတ် အပြီးသတ်နဲ့ အသင်းကနေ ရှင်းထုတ်သွားချင်နေပါတယ်။

လက်ရှိမှာတော့ အန်တိုနီကို သူ့အသင်းဟောင်း အေဂျက်စ်အသင်းက ပြန်လည် ခေါ်ဆောင်သွားချင်နေသလို နယူးကာဆယ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အသင်းတော်တော်များများကတော့ ဘရာဇီးလ် ညာတောင်ပံ ကစားသမားကို အငှားခေါ်ယူမှုနဲ့သာ ကမ်းလှမ်းချင်နေကြပါတယ်။

Exit mobile version