နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ရမှသာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အသီးသီး ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အေဂျက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို သူတို့အသင်းဆီ ခေါ်ယူခဲ့ပြီးနောက် တန်ဟက်ဂ်ရဲ့ တပည့်တွေလည်းဖြစ် အေဂျက်ရဲ့ ကြယ်ပွင့် ကစားသမားတွေလည်း ဖြစ်တဲ့ အန်တိုနီ ၊ တင်ဘားစ် ၊ မာတီနက်ဇ် စတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး တင်ဘားစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချကာ အေဂျက်မှာသာ နောက်ထပ် တရာသီ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် အေဂျက်ရဲ့ တိုက်စစ် အသက်သွေးကြောလို့ ဆိုရမယ့် ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီကတော့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အတော်လေး စိတ်အားထက်သန်နေပြီး အန်တိုနီရဲ့ အေးဂျင့်ကလည်း အေဂျက်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ကနေ ကမ်းလှမ်းမှုတွေ ရောက်လာရင် လက်ခံ ဆွေးနွေးပေးဖို့ တောင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ယခု နွေရာသီ နံပါတ်တစ် ပစ်မှတ် ဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို အမိအရ ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး ဒီဂျောင်ကို ခေါ်ယူဖို့ သဘောတူညီမှု ရပြီးရင်တော့ အန်တိုနီကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အန်တိုနီကို ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးစားသွားဖို့ ရှိနေသလို အန်တိုနီကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေပေမယ့် အေဂျက်ဘက်က အန်တိုနီကို အလွယ်တကူ လက်လွှတ်ဖွယ် ရှိပဲ အန်တိုနီရဲ့ တန်ကြေးကို ယူရို ၈၀သန်း သတ်မှတ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ယခုနှစ် နွေရာသီ အသုံးစရိတ်ဟာ စုစုပေါင်း ယူရို ၂၀၀သန်း ဝန်းကျင်သာ ရှိတာကြောင့် ဒီဂျောင်ကို ယူရို ၈၀သန်း ပေးချေကာ ခေါ်ယူရမယ့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ပေးချေနိုင်ဖို့ ခက်ခဲဖွယ် ရှိပြီး မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်နိုင်မှသာ အန်တိုနီကို ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။