ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ လက်စတာစီးတီး အသင်း ကတော့ လာမယ့် ဘောလုံးရာသီ အတွက် ကြိုတင် ပြင်ဆင်မှုတစ်ခု အနေနဲ့ နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမား တက်လီယာဖီကို ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရှိရပါတယ်။ လက်စတာအသင်းဟာ သူတို့အသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းထံ လက်လွှတ်တော့မှာ ဖြစ်တာကြောင့် ဘန်ချီဝဲလ်ရဲ့ နေရာအတွက် တက်လီယာဖီကို ကို အစားထိုးမှု တစ်ခုအဖြစ် ရှုမြင်ထားပြီး လက်ရှိမှာတော့ တက်လီယာဖီကို အတွက် အေဂျက်အသင်းနဲ့အတူ ဆွေးနွေးမှုတွေ ပြုလုပ် နေပြီ လို့ ခိုင်လုံတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Photo Credit: Tribuna

လက်စတာအသင်းဟာ အသက်၂၃နှစ်သာ ရှိသေးတဲ့ သူတို့အသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်တော့မှာ ဖြစ်ကြောင်း ယမန်နေ့က ရရှိထားတဲ့ သတင်းတွေအရ သိထားရပြီး ယခုလို လက်စတာအသင်းအနေနဲ့ တက်လီယာဖီကို အတွက် လှုပ်ရှားလာတာဟာ ဘန်ချီဝဲလ်အနေနဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ အချက်ကို သက်သေပြနေတယ် လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။ နာမည်ကြီး သတင်းထောက်တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရတော့ လက်စတာအသင်းဟာ တက်လီယာဖီကို ကို ခေါ်ယူဖို့ အတွက် အေဂျက်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်နေပြီး မကြာမီမှာပဲ အပြီးသတ် သဘောတူညီမှု ရရှိဖွယ် ရှိကြောင်း သိရှိရပါတယ်။

Photo Credit: Tribuna

အသက်၂၇နှစ်အရွယ် အာဂျင်တီးနား ဘယ်နောက်ခံလူ တက်လီယာဖီကို ဟာ ယခင်ကလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ၊ အာဆင်နယ်အသင်းတို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူ ဖြစ်ပြီး အာဂျင်တီးနား သတင်းဌာနတွေရဲ့ အဆိုအရ တက်လီယာဖီကို ဟာ လက်စတာအသင်းထံ ပြောင်းရွှေ့ကာ ပရီးမီးယားလိဂ်မှာ ကစားဖို့ စိတ်အားထက်သန် နေတယ် လို့ သိထားရပါတယ်။ တက်လီယာဖီကိုရဲ့ ကာလတန်ကြေး ဟာ ယူရို၃၀သန်း ဝန်းကျင် ရှိတာကြောင့် လက်စတာအသင်း အနေနဲ့ တက်လီယာဖီကို ကို ခေါ်ယူလိုပါက အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၀ သန်း ကို သုံးစွဲရလိမ့်မယ်လို့ ဥရောပ အခြေစိုက် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပြီး တက်လီယာဖီကို နဲ့ ဘန်ချီဝဲလ်တို့ရဲ့ အပြောင်းအရွှေ့တွေဟာ တစ်ချိန်ထဲမှာ ဖြစ်ပေါ် လာနိုင်တယ်လို့ အင်္ဂလန် သတင်းထောက်တွေက ယုံကြည်နေကြပါတယ်။