နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ ဒူဆန်တာဒစ်ဟာ ၂၀၂၁ခုနှစ်တာ ကာလအတွင်းမှာ အေဂျက်စ်အသင်းအတွက် အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတွေကိုလည်း (၃၇)ကြိမ်အထိပါ လုပ်ဆောင်နိုင်ခဲ့တာကြောင့် တစ်နှစ်တာအတွင်း ဂိုးဖန်တီးမှု (၃၆)ကြိမ်နဲ့ ဂိုးဖန်တီးမှု အများဆုံး လုပ်ဆောင်နိုင်ခဲ့ဖူးတဲ့ လီယွန်နယ်မက်ဆီရဲ့ စံချိန်ဟောင်းတစ်ခုကိုပါ ရိုက်ချိုးသွားနိုင်ခဲ့ရပါတယ်။

Photo Credit : Daily Mail

အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်တာ ကာလအတွင်း သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းအတွက် ဂိုးဖန်တီးမှုပေါင်း (၃၆)ကြိမ်နဲ့ တစ်နှစ်တာအတွင်း ဂိုးဖန်တီးမှု အကြိမ်ရေ အများဆုံး ဖန်တီးနိုင်ခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီဟာ အဲ့ဒီနှစ်အတွင်းမှာပဲ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား စပိန်လာလီဂါဖလားတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပြီး အသင်းအတွက်ကိုပါ Assists (၃၆)ကြိမ်အထိ စံချိန်တင်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီရဲ့ ဒီစံချိန်ဟာ ဆယ်စုနှစ်တစ်ခုလောက်သာ ကြာရှည်ခံခဲ့ပြီး အခုသူရဲ့စံချိန်ကို လိုက်မှီရုံမဟုတ်ပဲ စံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့တာက အေဂျက်စ် ကစားသမား ဒူဆန်တာဒစ်ပဲ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်ကစားသမား တာဒစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အေဂျက်စ်အသင်းအတွက် ၂၀၂၁ခုနှစ်တာ ကာလအတွင်း သွင်းဂိုးတွေများစွာ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေကိုလည်း (၃၇)ကြိမ်အထိပါ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ တာဒစ်ဟာ အခုနှစ် ကာလအတွင်းမှာ အေဂျက်စ်အတွက် အတော်လေးကို စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့အတူ နယ်သာလန် အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလားတွေကိုပါ ရယူနိုင်ခဲ့သလို နယ်သာလန် အမှတ်ပေးပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ်နဲ့ပါ ရွေးချယ်သတ်မှတ်ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာလည်း တာဒစ်ဟာ နယ်သာလန် အမှတ်ပေးလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွင်း (၂၁)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပါဝင်ပတ်သက်မှုကလည်း (၁၉)ဂိုး (သွင်းဂိုး ရဂိုး+ဂိုးဖန်တီးမှု၁၂ကြိမ်)အထိပါ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် တာဒစ်ဟာ မက်ဆီရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့အပြင် ၂၀၂၁ခုနှစ်မကုန်ခင်မှာ အေဂျက်စ်နဲ့ နောက်ထပ်(၂)ပွဲထိ ကစားရဦးမှာဖြစ်လို့ စံချိန်သစ်အတွက် ဂိုးဖန်တီးမှုကို ဆက်လက်လုပ်ဆောင်နိုင်ဖွယ် ရှိနေရပါတယ်။