နယ်သာလန် အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ အေဂျက်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူလိုပါက ခေါ်ယူလို့ရကြောင်း ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းထံကို အကြောင်းကြားထားတယ်လို့ Telegraph သတင်းဌာနနဲ့ Times သတင်းဌာနတို့က ဖော်ပြ သွားခဲ့ကြပါတယ်။ အသက်၂၃နှစ်အရွယ် ဗန်ဒီဘိခ်ဟာ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွှေ့ဖို့ အလွန်ကို နီးစပ်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုကြောင့် စပိန်နိုင်ငံထဲကို ဝင်ရောက်ခွင့် မရတာကြောင့် သူရဲ့ ရီးရဲလ်မက်ဒရစ်အသင်း မှာ ဆေးစစ်မှုခံယူမယ့် အစီအစဉ်တွေဟာ ပျက်စီးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်း ဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ကြိုးစားမှုတွေကို ရပ်တန့်လိုက်ပြီး ဗန်ဒီဘိခ်ကိုလည်း အပြောင်းအရွှေ့အတွက် ထပ်မံ ချိတ်ဆက်မှုမရှိတော့တာကြောင့် အေဂျက်အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေတယ် လို့ Times သတင်းစာရဲ့ ဖော်ပြမှုအရ သိရှိထားရပါတယ်။ ဒါ့ကြောင့်ပဲ အေဂျက်အသင်းဟာ ဗန်ဒီဘိခ်နဲ့ တိုင်ပင်ပြီး ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းခဲ့ဖူးတဲ့ မန်ယူအသင်းထံကို ဗန်ဒီဘိခ်အား ခေါ်ယူလိုပါက ခေါ်ယူနိုင်ပါတယ် ဆိုပြီး အသင်းရဲ့ အားကစားဒါရိုက်တာ ဗန်ဒါဆားကနေ တဆင့် အကြောင်းကြားခဲ့တယ်လို့ အေဂျက်အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြားထားခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ မန်ယူအသင်းဟာလည်း အသက်အရွယ် ရလာပြီ ဖြစ်တဲ့ ကွင်းလယ်ခံစစ် ကစားသမား မာတစ်ရဲ့ နေရာအတွက် ဗန်ဒီဘိခ် ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိကြောင်းနဲ့ ဗန်ဒီဘိခ်ကို ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေး ယူရို၅၀သန်းထက် နည်းပါးတဲ့ ပမာဏဖြစ်တဲ့ ယူရို၄၀သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ အသက်၂၃နှစ် အရွယ် ဗန်ဒီဘိခ်ဟာ လက်ရှိ ဘောလုံးရာသီ မှာ အေဂျက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ပွဲ ပါဝင် ကစားထားရာမှာ ၁၀ဂိုးသွင်းယူထားပြီး ၁၁ဂိုး ဖန်တီးပေးထားနိုင်ခဲ့ကာ သူ့ရဲ့ ကာလတန်ကြေး ကတော့ ယူရို၄၄သန်း ရှိတယ်လို့ Transfer Market က ခန့်မှန်းထားပါတယ်။