MySport Myanmar

နွေမှာ ဘာစီလိုနာကနေ ထွက်ခွာသွားတော့မယ့် ဇာဗီကို အေဂျက်စ် စိတ်ဝင်စား

နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် ဘာစီလိုနာ နည်းပြဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အေဂျက်စ်အသင်းက ဒီနှစ်ဘောလုံးရာသီထဲမှာ ရလဒ်ပိုင်း ဆိုးရွှားလွန်းမှုတွေကြောင့် အသင်းနည်းပြ အပြောင်းအလဲတွေက တော်တော်များများ ဖြစ်ပေါ်ခဲ့ရပြီး လက်ရှိအသင်းနည်းပြ ဂျွန်ဗန်ရှစ်ကိုလည်း ဒီရာသီအထိသာ တာဝန်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit : NRC

အေဂျက်စ်က လက်ရှိ နယ်သာလန် အမှတ်ပေးလိဂ်မှာ အဆင့်(၅)နေရာ ရပ်တည်နေတာဖြစ်ပြီး (၄)နေရာက အယ်လ်ခမာနဲ့လည်း (၇)မှတ်အထိ ကွာဟနေတာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက်က ကွန်းဖရန့်စ်လိဂ် ဝင်ခွင့်လောက်ပဲ မျှော်မှန်းနိုင်ဖွယ်သာ ရှိနေရပါတယ်။

ဒီအခြေအနေမှာ အေဂျက်စ်အသင်းဟာ ရာသီကုန်တာနဲ့ နည်းပြအပြောင်းအလဲတစ်ခု လုပ်ဆောင်သွားဖို့ စီစဉ်လို့ထားပြီး အဲ့ဒီအတွက်လည်း နည်းပြပေါင်းများစွာကိုပါ ပစ်မှတ်ထားလာခဲ့သလို နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ကိုလည်း မန်ယူနိုက်တက်ကနေ ပြန်လည် ခေါ်ယူဖို့ပါ စိတ်ဝင်စားနေပါတယ်။

Photo Credit : Barca Blaugranes

ဒါ့အပြင် အေဂျက်စ်က ဒီရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကိုပါ စိတ်ဝင်စားနေပြန်ပါတယ်။ ဇာဗီက ဘာစီလိုနာအသင်းကို ၂၀၂၁ကမှ နည်းပြအဖြစ် ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီမှာတော့ အသင်းအတွက် လာလီဂါနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီထဲမှာ ဘာစီလိုနာက ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေ ကျဆင်းလာမှုကြောင့် ဒီရာသီအကုန်မှာပဲ ဘာစီလိုနာနဲ့ လက်တွဲဖြုတ်တော့မယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို နွေမှာပဲ အသင်းလက်မဲ့ ဖြစ်တော့မယ့် ဇာဗီကို အေဂျက်စ်အသင်းက စိတ်ဝင်စားနေပြီး ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version