နယ်သာလန် ထိပ်သီးကလပ် အေဂျက်က ဆော်ဒီကလပ် အယ် အတ်တီဖတ်ကို စွန့်ခွာကာ အသင်းပြောင်းချင်နေတဲ့ အင်္ဂလန် ကွင်းလယ်လူ ဟန်ဒါဆန်ကို ခေါ်ယူဖို စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဟန်ဒါဆန်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးကနေ အယ် အတ်တီဖတ်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အယ် အတ်တီဖတ်က သူ့အတွက် လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၁၄သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Sky Sports

အယ် အတ်တီဖတ်က ဟန်ဒါဆန်ကို ၂၀၂၆ခုနှစ် အထိ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် ဟန်ဒါဆန်က အတ်တီဖတ်မှာ ရာသီဝက်သာ ကစားရသေးချိန်မှာပဲ ဆော်ဒီမြေမှာ မပျော်တော့တာကြောင့် အသင်းပြောင်းဖို့ ကြိုးစားနေပါတယ်။

ဟန်ဒါဆန်က ပြီးခဲ့တဲ့ ရာသီဝက် ကာလအတွင်းမှာ အယ် အတ်တီဖတ် အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၅ကြိမ် လုပ်နိုင်ခဲ့သလို သူ့ရဲ့ ကြံ့ခိုင်မှုကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေသေးတာကြောင့် ဥရောပ နာမည်ကြီးကလပ်တွေက ဟန်ဒါဆန်ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အေဂျက်က အယ် အတ်တီဖတ်သာ ဟန်ဒါဆန်ကို လက်လွှတ်ဖို့ စိတ်ကူးရှိရင် ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဟန်ဒါဆန်ကတော့ သူ့ဆီ ရောက်လာမယ့် ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံပြီးမှ ဘယ်အသင်းဆီ ပြောင်းမလဲ ဆိုတာ စဉ်းစား ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဆော်ဒီအခြေစိုက် သတင်းရင်းမြစ်တွေကတော့ အယ် အတ်တီဖတ်ဟာ ပြောင်းရွှေ့ကြေး ယူရို ၁၄သန်း ပေးချေခဲ့ရသလို တပတ် လုပ်ခလစာ ပေါင် ၇သိန်း အထိ ပေးနေရတဲ့ ဟန်ဒါဆန်ကို အသင်းမှာသာ ဆက်ထိန်းထားချင်နေပြီး အကယ်၍ ဥရောပကလပ်တွေက ဟန်ဒါဆန်ကို ခေါ်ယူချင်ရင် ဟန်ဒါဆန်ရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေဖို့ လိုအပ်ကြောင်း ဖော်ပြထားကြပါတယ်။