နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းက အာဆင်နယ်မှာ ပွဲကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ ကမ်းလှမ်းခဲ့ရာ အာဆင်နယ်ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့အတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။

အေဂျက်စ်အသင်းက သူတို့ရဲ့ အဓိက ဂိုးသမားဖြစ်သူ ရူလီကို မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို (၃)သန်းတည်းနဲ့ ရောင်းချပြီးတဲ့နောက် အသင်းအတွက် ဂိုးသမားတစ်ဦး ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ရာ အာဆင်နယ်ရဲ့ အင်္ဂလန် ဂိုးသမား ရမ်းစ်ဒေးလ်ကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Football Transfer

အသက် (၂၆)နှစ်အရွယ် ဂိုးသမား ရမ်းစ်ဒေးလ်ဟာ ၂၀၂၁ခုနှစ်ကတည်းက ရှက်ဖီးကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ပထမရာသီနဲ့ ဒုတိယရာသီတွေမှာ အာဆင်နယ်ရဲ့ ပင်တိုင် ဂိုးသမားတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း တတိယမြောက်ရာသီမှာတော့ အသင်းဆီ ဒေးဗစ် ရာယာ ရောက်ရှိလာမှုနဲ့အတူ သူရဲ့ ပွဲကစားခွင့်တွေပါ ပျောက်ဆုံးခဲ့ရပါတယ်။

အာဆင်နယ်အတွက် (၂)ရာသီအတွင်းမှာ (၇၈)ပွဲအထိ ကစားပေးခဲ့ရတဲ့ ရမ်းစ်ဒေးလ်ဟာ တတိယရာသီမှာတော့ ပရီးမီးယားလိဂ် (၆)ပွဲနဲ့ တစ်ရာသီလုံး စုစုပေါင်း ပြိုင်ပွဲစုံ (၁၁)ပွဲလေးသာ ကစားရပါတော့တယ်။ ဒီအခြေအနေတွေကို ရမ်းစ်ဒေးလ်ဘက်ကလည်း စိတ်ပျက်လာတဲ့အတွက် အာဆင်နယ်ကနေ ထွက်ခွာဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : talkSPORT

အခုလို အာဆင်နယ်မှာ နေရာမရ ဖြစ်နေတဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်းစ်ဒေးလ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် တခြားသော အသင်းတွေကလည်း စိတ်ဝင်စားကြပေမယ့် အာဆင်နယ်ကတော့ သူတို့ ဂိုးသမားအတွက် ပြောင်းရွှေ့့ကြေးကို ပေါင် သန်း(၅၀)အထိတောင် သတ်မှတ်ထားပါတယ်။

ဒီတန်ကြေးက ရမ်းစ်ဒေးလ်ကို ခေါ်ယူချင်တဲ့ ကလပ်တွေအတွက် ခက်ခဲစေနိုင်မယ့် တန်ကြေးမျိုး ဖြစ်နေရပြီး ရမ်းစ်ဒေးလ်အတွက်ကိုလည်း အသင်းတွေက အငှားကမ်းလှမ်းမှုတွေသာ လုပ်ဆောင်နေကြပါတယ်။ အခုတော့ ဂိုးသမား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အေဂျက်စ်က အသင်းကွင်းလယ်လူ ဟန်ဒါဆန်ရဲ့ လက်ရွေးစင် အသင်းဖော် ရမ်းစ်ဒေးလ်ကို ခေါ်ယူနိုင်ဖို့ နောက်ထပ် ကမ်းလှမ်းမှုတွေကို ထပ်မံ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။