မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ် အလိုရှိနေတဲ့ ကစားသမားဖြစ်တဲ့ ဂျူလီယန်တင်ဘာဟာ နွေဈေးကွက်အတွင်းမှာ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ တောက်လျှောက်ကို ထွက်ပေါ်နေခဲ့ရာကနေ နောက်ဆုံးမှာတော့ အသင်းမပြောင်းဖြစ်တော့ပဲ လက်ရှိမှာတော့ တင်ဘာက သူရဲ့လက်ရှိကလပ် အိုင်းယတ်စ်နဲ့ပါ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့တောင် နီးစပ်နေပြီလို့ သိရပါတယ်။

Photo Credit : Eurosport

အသက်(၂၁)နှစ်အရွယ်ရှိ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်ကစားသမား တင်ဘာဟာ သူရဲ့ဆရာသမားဟောင်း တန်ဟက်ဂ်နဲ့အတူ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာဖို့ အစီအစဉ် ရှိခဲ့ပေမယ့်လည်း နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟားက တင်ဘာအနေနဲ့ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်ရနိုင်တဲ့အတွက် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း နယ်သာလန်အသင်းမှာ ပါဝင်ကစားခွင့်တွေ မရေမရာ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့တာကြောင့် တင်ဘာက မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတော့ပဲ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Public News Time

ဗန်ဟားရဲ့ သတိပေးစကားနောက်ပိုင်းကတည်းက မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ငြိမ်သက်သွားခဲ့ရတဲ့ တင်ဘာဟာ အခုလက်ရှိမှာတော့ သူရဲ့ကလပ်အသင်း အိုင်းယတ်စ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့အတွက်ပါ အလွန်နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့ အေးဂျင့်နဲ့ အိုင်းယတ်စ်တာဝန်ရှိသူများကြား တင်ဘာရဲ့ စာချုပ်ကိစ္စအတွက် ဆွေးနွေးနေကြပြီဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် အရမ်းကို နီးစပ်နေပြီလို့လည်း သိရပါတယ်။ မန်ယူနိုက်တက်ကတော့ တင်ဘာကို ပစ်မှတ်ထားခဲ့ရင်း အသင်းဆီ မခေါ်ဆောင်နိုင်ခဲ့ပေမယ့်လည်း တင်ဘာရဲ့ အိုင်းယတ်စ်အသင်းဖော်ဖြစ်တဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကိုတော့ ပြောင်းရွှေ့ကြေး ယူရို(၅၅)သန်းနဲ့ ခေါ်ယူထာနိုင်ခဲ့သလို နောက်ထပ် အိုင်းယတ်စ် ကစားသမားတစ်ဦးဖြစ်တဲ့ အန်တိုနီကိုပါ ခေါ်ယူသွားဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ အိုင်းယတ်စ်မှာပဲ ဆက်လက်ရှိနေသွားတော့မယ့် တင်ဘာကတော့ သူရဲ့လက်ရှိလုပ်ခလစာထက် ပိုမိုမြင့်မားတဲ့ လစာမျိုးကို ရရှိသွားတော့မှာဖြစ်ပြီး နည်းပြကြီးဗန်ဟားရဲ့ လက်ရွေးစင်အသင်းမှာပါ ခိုင်မာတဲ့ နေရာတစ်နေရာကို ရရှိနိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေပါတယ်။