MySport Myanmar

တန်းဆင်းဇုန်တွေအထိ ရောက်ရှိနေကြတဲ့ အေဂျက်စ် နဲ့ လိုင်ယွန်

တစ်ချိန်က နယ်သာလန် အမှတ်ပေးလိဂ် နဲ့ ပြင်သစ် အမှတ်ပေးလိဂ် ပြိုင်ပွဲတွေမှာ ကြီးစိုးခဲ့တဲ့အပြင် ဥရောပ ဘောလုံးကမ္ဘာမှာပါ လွှမ်းမိုးမှုတွေ ရှိခဲ့ဖူးတဲ့ ကလပ်အသင်း နှစ်သင်းဟာ ဆိုရင်တော့ဖြင့် အခုနှစ် ဘောလုံးရာသီမှာ တန်းဆင်းဇုန်တွေထဲအထိတောင် ရောက်ရှိနေရပါတယ်။

ဒီအသင်းတွေကတော့ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ် နဲ့ ပြင်သစ် နာမည်ကျော်ကလပ် လိုင်ယွန်တို့ပါ။ အေဂျက်စ်က (၁၈)သင်းပါဝင်တဲ့ အမှတ်ပေးဇယားမှာ အဆင့် (၁၇)ထိ ရောက်ရှိနေသလို လိုင်ယွန်ကတော့ (၁၈)သင်းရှိတဲ့ အမှတ်ပေးဇယားမှာ ဇယားအောက်ဆုံးထိကို ရောက်ရှိနေရပါတယ်။

Photo Credit : The New York Times

နယ်သာလန် ဘောလုံးသမိုင်းမှာ အကျော်ကြားဆုံး ကလပ်အသင်းဖြစ်ပြီး ဥရောပ ချန်ပီယံလိဂ်ဖလားကိုပါ (၄)ကြိမ်အထိ ဆွတ်ခူးထားခဲ့ဖူးတဲ့ အေဂျက်စ်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာတော့ ဘယ်လိုမှကို မယုံနိုင်ဖွယ် ရလဒ်တွေ ထွက်ပေါ်နေရပါတယ်။

အေဂျက်စ်အသင်းဟာ နယ်သာလန်လိဂ်မှာ (၇)ပွဲ ကစားထားပြီးချိန် နိုင်ပွဲက (၁)ပွဲတည်းသာ ရှိနေရပြီး ရှုံးပွဲ (၄)ပွဲနဲ့ သရေပွဲက (၂)ပွဲ ရှိထားခဲ့သလို နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ (၅)ပွဲဆက်တိုက်လည်း နိုင်ပွဲတွေ ပျောက်ဆုံးထားခဲ့ရပါတယ်။

Photo Credit : beIN SPORT

အေဂျက်စ်လို နောက်ထပ် နာမည်ကြီး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ လိုင်ယွန်ဟာလည်း အေဂျက်စ်ထက်ပင် အကြောင်းဆိုးနေရပါတယ်။ ပြင်သစ် လီဂူးမှာ ပီအက်စ်ဂျီ မာဆေးလ်တို့နဲ့အတူ အောင်မြင်မှုတွေ များစွာ ရယူထားနိုင်တဲ့ လိုင်ယွန်က လက်ရှိမှာ အမှတ်ပေးဇယား အောက်ဆုံးထိတောင် ရောက်ရှိနေရပါတယ်။

နည်းပြအပြောင်းအလဲပါ လုပ်ဆောင်ထားရတဲ့ လိုင်ယွန်အသင်းဟာ (၉)ပွဲ ကစားထားပြီးချိန်မှာ နိုင်ပွဲ တစ်ပွဲမှ မရထားသေးတဲ့အထိ အခြေအနေ အတော်လေးကို ဆိုးရွှားလို့နေရပြီး ရှုံးပွဲ (၆)ပွဲ သရေပွဲ (၃)ပွဲသာ ရှိထားပါတယ်။

Exit mobile version