MySport Myanmar

စပါးတောင်ပံကစားသမား ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားတဲ့ အေဂျက်

နယ်သာလန် ထိပ်သီးကလပ် အေဂျက်က ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေထဲက တသင်း ဖြစ်တဲ့ စပါးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ် ကစားသမား စတီဗင် ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ စပါးနဲ့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘာ့ချ်ဝင့်ဟာ ၂၀၁၉ခုနှစ်ကမှ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး စပါးနဲ့ စာချုပ်သက်တမ်း ၃နှစ် ကျန်ရှိနေသေးသူပါ။

Photo Credit: Football London

တိုးအား ၊ ရုန်းအား ကောင်းတဲ့ ဘာ့ချ်ဝင့်က နယ်သာလန် လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ ကစားသမားကောင်း တဦး ဖြစ်ပေမယ့် ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်း ၊ ကူလူဆက်စကီးတို့ ရှိနေတဲ့ စပါးမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး ၃နှစ်တာ ကာလအတွင်းမှာ စပါးအတွက် ၈၃ပွဲသာ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

ဘာ့ချ်ဝင့်ဟာ ပီအက်စ်ဗွီနဲ့အတူ နယ်သာလန်လိဂ်မှာ ကစားခဲ့စဉ်က ပြိုင်ပွဲစုံ ၁၄၁ပွဲ အထိ ကစားခဲ့ရာမှာ သွင်းဂိုး ၃၁ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၁ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် နယ်သာလန် ထိပ်သီးကလပ် အေဂျက်က အသင်းနဲ့ အနာဂတ် မရေရာတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီရဲ့ နေရာအတွက် ဘာ့ချ်ဝင့်ကို အစားထိုးမှု အဖြစ် ရှုမြင်ခဲ့ပြီး ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့သလို ဘာ့ချ်ဝင့်ကလည်း မွေးရပ်မြေ နယ်သာလန်နိုင်ငံဆီ ပြန်လည် ပြောင်းရွှေ့ချင်တာကြောင့် အေဂျက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ အေဂျက်က ဘာ့ချ်ဝင့်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၆သန်း + အပိုဆုကြေး ယူရို ၄သန်းနဲ့ ခေါ်ယူဖို့ စပါးနဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး ဘာ့ချ်ဝင့်ကလည်း အေဂျက်ထံ ပြောင်းရွှေ့ဖို့ သဘောတူထားတာကြောင့် မကြာခင်မှာပဲ အေဂျက်က ဘာ့ချ်ဝင့်ကို ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

Exit mobile version