နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကတော့ သူတို့အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီရဲ့ နေရာအတွက် ကြိုတင် အစားထိုးမှု တရပ်အနေနဲ့ ပေါ်တိုရဲ့ လူငယ်ကြယ်ပွင့် ကွန်ဆေဆာအိုကို ခေါ်ယူရန် ကြိုးစားခဲ့ရာ ယခုအချိန်မှာတော့ ကွန်ဆေဆာအိုကို ခေါ်ယူဖို့ ပေါ်တိုနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင် လူငယ်ကြယ်ပွင့် ကွန်ဆေဆာအိုက ညာတောင်ပံနဲ့ ဘယ်တောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက တဦးချင်း လိမ်ခေါက် ဖြတ်ကျော်မှုတွေ ကောင်းမွန်သလို ဖြတ်တင်ဘော ပေးပို့မှုတွေလည်း အတော်လေး တိကျပါတယ်။

Photo Credit: Record Portugal

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ကွန်ဆေဆာအိုက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှ စတင်ကာ ပေါ်တိုအတွက် ပါဝင် ကစားပေးခွင့် ရခဲ့ပြီး ပေါ်တိုအတွက် ၂ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၅၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် အေဂျက်က သူတို့အသင်း အတွက် သွေးသစ်လောင်းမှု တရပ်အနေနဲ့ ကွန်ဆေဆာအိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး အေဂျက်က ကွန်ဆေဆာအို အတွက် ပေါ်တိုထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၅သန်း ပေးချေကာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Record Portugal

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Record Portugal သတင်းဌာနကလည်း အေဂျက်က ကွန်ဆေဆာအိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး အေဂျက်က ကွန်ဆေဆာအိုကို တနှစ် အသားတင် လုပ်ခလစာ ယူရို ၁.၃သန်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။