နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကတော့ မကြာမီမှာ ဒေါ့မွန်ဆီ ပြောင်းရွှေ့တော့မယ့် တိုက်စစ်မှူး ဟော်လာရဲ့ နေရာနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီတို့ရဲ့ နေရာတွေ အတွက် အစားထိုးမှု တရပ် အဖြစ် စပါးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဘာ့ချ်ဝင့်က တောင်ပံတိုက်စစ် နေရာမှာ အဓိကထား ကစားတတ်သူ တဦး ဖြစ်ပေမယ့် လိုအပ်ရင် လိုအပ်သလို တိုက်စစ်မှူး တဦး အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကောင်း တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဘာ့ချ်ဝင့်က ၂၀၂၀ ခုနှစ်မှာ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သလို ကာလရှည် စာချုပ်တရပ်လည်း ချုပ်ဆိုထားပေမယ့် အသင်းသစ် ၊ နယ်မြေသစ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး စပါးအတွက် ၂ရာသီ ကစားပေးခဲ့ရာ သွင်းဂိုး ၈ဂိုးသာ သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှုကလည်း ၁၀ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ စပါးက ဘာ့ချ်ဝင့်ကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး တဖက်မှာတော့ အေဂျက်က အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဟော်လာနဲ့ အန်တိုနီတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ဆုံးရှုံးရဖို့ နီးစပ်နေတာကြောင့် ဘာ့ချ်ဝင့်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ အေဂျက်က ဘာ့ချ်ဝင့်ကို ခေါ်ယူနိုင်ဖို့ စပါးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင်နဲ့ ဈေးတည့်သွားခဲ့ပြီး မကြာခင်မှာပဲ ဘာ့ချ်ဝင့်ရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်တော့မယ်လို့ သိရပါတယ်။

ဘာ့ချ်ဝင့်ကတော့ ပြီးခဲ့တဲ့ ဇွန်လထဲက အေဂျက်ထံ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် စပါးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီးနောက် အေဂျက်က ဘာ့ချ်ဝင့်ကို ဆေးစစ်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါပြီ။