နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကတော့ သူတို့အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီကို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချဖို့ သဘောတူလိုက်ကြောင်း အေဂျက်နဲ့ နီးစပ်သူ တဦး ဖြစ်တဲ့ ဟန်စတယ်လာက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ယခုနွေဈေးကွက်မှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ အသင်းသစ်ဆီ အရင်းနှီးဆုံး တပည့် အန်တိုနီကို တပါထဲ ခေါ်ဆောင်ဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး အန်တိုနီကလည်း သူ့ရဲ့ ဆရာအရင်း တန်ဟက်ဂ်နဲ့ ပြန်လည် ပေါင်းစည်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ အေဂျက်ဘက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု မှန်သမျှကို ပယ်ချနေချိန်မှာ အန်တိုနီက သူဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သလို အေဂျက်နဲ့အတူ လေ့ကျင့်ခန်း မဆင်းတော့ပဲ ဆန္ဒပြတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။

အန်တိုနီရဲ့ လုပ်ရပ်တွေကြောင့်ပဲ အေဂျက်က အန်တိုနီကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း အန်တိုနီရဲ့ သူတို့အသင်းဆီ ပြောင်းချင်နေတဲ့ ဆန္ဒကို အသုံးချကာ ပြောင်းရွှေ့ကြေး လျော့ပေးတာမျိုး မလုပ်ပဲ အန်တိုနီအတွက် အေဂျက်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ သဘောတူခဲ့ကြောင်း ဟန်စတယ်လာက ဆိုပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းကလည်း မန်ချက်စတာ ယူနိုက်တက်က အန်တိုနီအတွက် ယနေ့မှာပဲ အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်း ယူရို ၁၀၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပြီး အေဂျက်ဟာ အန်တိုနီအတွက် ယူရို ၁၀၀သန်း လိုချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ နီးစပ်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပါတယ်။

ဒါကြောင့် မကြာခင်မှာပဲ အန်တိုနီကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝတ်စုံနဲ့ မြင်တွေ့ရပါတော့မယ်ဗျို့…။