မန်ချက်စတာစီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက သူတို့အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ကြား ပြိုင်ဆိုင်မှုတွေဟာ ကမ္ဘာကျော် ဘောလုံးအသင်းနှစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဂွာဒီယိုလာရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းတို့ရဲ့ အယ်ကလက်စီကိုဒါဘီ ပွဲစဉ်တွေကိုပါ ပြန်ပြောင်းအမှတ်စေရတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

လာမယ့် တနင်္ဂနွေနေ့ ည(၁၀)နာရီချိန် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမယ့် မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ဒီအသင်းနှစ်သင်းလုံးအတွက် အမှတ်ပေးချန်ပီယံဆု ရယူနိုင်ဖို့ အလွန်အရေးပါတဲ့ ပွဲစဉ်ဖြစ်နေတာကြောင့် ဗိုလ်လုပွဲတစ်ပွဲအသွင်ပါ ဆောင်နေမှာတော့ သေချာပါတယ်။ အသင်းနှစ်သင်းရဲ့ကြား အမှတ်ကွာဟမှုက (၁)မှတ်တည်းသာ ကွာဟနေလို့ ဒီပွဲကို အနိုင်ရလိုက်တဲ့ အသင်းက အမှတ်ပေးချန်ပီယံဆုအတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေမှာမို့ သေချာပေါက်ကို အကြိတ်အနယ် ရှိနေပါလိမ့်မယ်။

Photo Credit : The Sun

အခုလို လီဗာပူးလ်အသင်းနဲ့ ပြိုင်ဆိုင်မှုတွေအကြောင်းကို စီးတီးနည်းပြ ဂွာဒီယိုလာက “ကျွန်တော် ဒီအခြေအနေတွေကို ဘာစီလိုနာမှာ နေခဲ့တုန်းက ကြုံခဲ့ဖူးပါတယ်။ အမြဲတမ်းတော့ မက်ဒရစ် တစ်ခါတစ်လေ အသက်လက်တီကိုမက်ဒရစ်နဲ့ပေါ့။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ ဘာကာနဲ့ မက်ဒရစ်တို့ပါပဲ။ ဒီမှာက အမြဲတမ်း (၅)သင်း (၆)သင်းလောက် ရှိနေပေမယ့် နောက်ဆုံး(၅)နှစ်အတွင်းမှာတော့ (၂)သင်းပဲ ရှိနေပါတော့တယ်။ ဒါက ပရီးမီးယားလိဂ်ရဲ့ တကယ့် အဖြစ်မှန်ပါ။ ဒါက အသင်းနှစ်သင်းလုံးရဲ့ ညီညွတ်မှုနဲ့ ဖွဲ့စည်းမှုကို ပြနေတာပါ။ သေချာတာကတော့ မကြာသေးမီ နှစ်တွေအတွင်း လီဗာပူးလ်နဲ့ မန်စီးတီးတို့က မြင့်မားတဲ့ စံနှုန်းတစ်ခုကို သတ်မှတ်နိုင်ခဲ့ကြတယ်။ ပရီးမီးယားလိဂ်မှာလည်း ပစ်မှတ်တွေ ထားလာနိုင်ခဲ့တယ်။ ကျွန်တော်တို့တွေ တစ်သင်းကိုတစ်သင်း အများကြီး တွန်းအားပေးခဲ့ရသလို တခြားအသင်းတွေကလည်း ကျွန်တော်တို့ကို အမီလိုက်နိုင်ဖို့ ပိုတွန်းရတော့မယ်ဆိုတာကိုပါ သူတို့နားလည်လာကြတယ်။ ပြီးခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း တစ်နှစ်မှာတော့ ကျွန်တော်တို့ နည်းနည်းလေး ည့ံခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက သူတို့မှာ ဒဏ်ရာပြသာနာတွေ ရှိခဲ့လို့ ယူနိုက်တက်က သူတို့နေရာကို ရယူခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၅)နှစ်အတွင်းမှာတော့ ကျွန်တော်တို့ နှစ်သင်းပဲ ဒီနေရာမှာ ရှိနေခဲ့ပြီးတော့ တိုက်ပွဲဝင်နေခဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။