MySport Myanmar

မြက်ခင်းစိမ်းဆီ ပြန်လာနိုင်ဖို့ အင်ဒီပန်းဒီယန့်မှာ လေ့ကျင့်ခန်း စဆင်းတော့မယ့် အဂူရို

နှလုံးရောဂါကြောင့် ဘောလုံးလောက ကနေ အစောကြီး အနားယူခဲ့ရတဲ့ အာဂျင်တီးနားနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုက သူ့ရဲ့ နှလုံးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီးနောက် ဘောလုံးလောကထဲကို ခြေပြန်ချဖို့ ကြိုးစားနေပြီး သူ့ရဲ့ အသင်းဟောင်း အင်ဒီပန်းဒီးယန့်မှာ လေ့ကျင့်ခန်း စဆင်းတော့မယ် လို့ အာဂျင်တီးနား အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၅နှစ် အရွယ်သာ ရှိသေးတဲ့ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယို အဂူရိုက အက်သလက်တီကို မက်ဒရစ် ၊ မန်ချက်စတာ စီးတီး ၊ ဘာစီလိုနာ စတဲ့ ဥရောပ ထိပ်သီးအသင်းတွေနဲ့အတူ ဥရောပမြေမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူခဲ့ဖူးတဲ့ ထိပ်တန်း တိုက်စစ်မှူးဟောင်း ဖြစ်ပါတယ်။

Photo Credit: Standard

အဂူရိုက သူ့ရဲ့ ကစားသမား ဘဝကို အင်ဒီပန်းဒီယန့်မှာ စတင်ခဲ့တာ ဖြစ်ပြီး အဂူရိုက အင်ဒီပန်းဒီယန့် အတွက် ပြိုင်ပွဲစုံမှာ ၅၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၀၆ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်ရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရပြီး အဂူရိုက အက်သလက်တီကို မက်ဒရစ် အတွက် ၅နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၂၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၁ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၅ကြိမ် ရရှိခဲ့ပါတယ်။

၂၀၁၁ခုနှစ်မှာတော့ အဂူရိုက အက်သလက်တီကို မက်ဒရစ် ကနေ သူ့ရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ ကစားခဲ့ပြီး အဂူရိုက မန်ချက်စတာ စီးတီး အတွက် ဆယ်စုနှစ် တစုကြာ ကစားပေးခဲ့ရာမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၉၀ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး ၂၆၀ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇၃ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အဂူရိုက မန်ချက်စတာ စီးတီး ကနေ ဘာစီလိုနာဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး သူက ဘာစီလိုနာ အတွက် ၅ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ကာ ၂၀၂၁ခုနှစ် ၊ ဆယ်လပိုင်း ၊ ၂၀ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၁-၀ ဒိုင်နမို ကိယက်ဗ် ပွဲစဉ်မှာတော့ အဂူရိုဟာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ရမယ့် နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါကို စတင် ခံစားခဲ့ရပါတယ်။

Photo Credit: Goal

အဂူရိုက နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါကို အထူးကုဆရာဝန်တွေနဲ့ ပြသကာ ကုသခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ၂၀၂၁ခုနှစ်မှာပဲ ဘောလုံးသမားဘဝ ကနေ အနားယူကြောင်း ကြေညာခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာတော့ အဂူရိုရဲ့ နှလုံးအထူးကု ဆရာဝန်က အဂူရိုရဲ့ နှလုံးဟာ သာမန်အခြေအနေအတိုင်း ပြန်ဖြစ်နေပြီ ဖြစ်တာကြောင့် အဂူရိုသာ ဆန္ဒရှိမယ် ဆိုရင် ဘောလုံးပြန်ကစားနိုင်ပြီလို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။

အာဂျင်တီးနား အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ D Sports Radioရဲ့ ဖော်ပြချက်အရ နှလုံးအထူးကုဆရာဝန်ရဲ့ ထောက်ခံချက်ကို ရရှိပြီးနောက် ဆာဂျီယို အဂူရိုက မြက်ခင်းစိမ်းတွေပေါ် ခြေပြန်ချနိုင်ဖို့ ကြိုးစားနေပြီး အဂူရိုက သူ့ရဲ့ အသင်းဟောင်း ဖြစ်သလို အသင်းဖော်ဟောင်း တေဗက်ဇ်လည်း ရှိနေတဲ့ အင်ဒီပန်းဒီယန့်နဲ့အတူ ဒီတပတ်ထဲမှာပဲ လေ့ကျင့်ခန်း ပြန်ဆင်းတော့မယ်လို့ သိရှိရပါတယ်။

Exit mobile version