ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းကမှ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ထိပ်တန်းတိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးဟာ အသင်းအတွက် ရာသီကြို ခြေစမ်းပွဲစဉ်တွေကို တစ်ပွဲမှ ပါဝင်ကစားနိုင်ခြင်း မရှိသေးတဲ့အတွက် လတ်တလောမှာ ရရှိလို့နေတဲ့ ကြွက်သားဒဏ်ရာ ပြသာနာကြောင့်ပါ နောက်ထပ် (၂)လနီးပါးလောက်အထိ ဆက်လက်အနားယူရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Everything Barca

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အဂွဲရိုးဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲ ဝင်ရောက်ဆင်နွဲခဲ့စဉ်တုန်းက ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကိုပါဆီမီးနဲ့ ဖိုင်နယ်တွေကို ဆက်တိုက်လွဲချော်ခဲ့တဲ့အပြင် သူရဲ့ကလပ်အသင်းသစ်ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေကိုပါ ထပ်မံလွဲချော်လာခဲ့ရပါတယ်။ အခုလည်း သတင်းမီဒီယာ အများစုကနေ ဖော်ပြချက်တွေအရ အဂွဲရိုးဟာ သူရဲ့ကြွက်သားဒဏ်ရာကြောင့် နောက်ထပ်(၂)လခန့်လောက်အထိပါ ဆက်လက်အနားယူရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

အဂွဲရိုးဟာ ဆယ်စုနှစ်တစ်ခုနီးပါး ကျင်လည်ဖြတ်သန်းခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်မှာ သူရဲ့လက်ရွေးစင် အသင်းဖော်လည်းဖြစ်ပြီး အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်တဲ့ လီယွန်နယ်မက်ဆီရှိရာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ကြားမှာ စာချုပ်သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့တဲ့အတွက် လက်တွဲဖြုတ်ခဲ့လိုက်ရပြီး အဂွဲရိုးအနေနဲ့မက်ဆီမရှိတော့တဲ့ ဘာစီလိုနာမှာပါ ဆက်မကစားချင်တော့ပဲ အသင်းနဲ့ ပြန်လည်လမ်းခွဲချင်နေတယ်လို့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီကောလဟာလသတင်းတွေကို အဂွဲရိုးကိုယ်တိုင် ပြန်လည်ငြင်းဆိုထားခဲ့ပြီး သူအနေနဲ့ ဘာစီလိုနာအသင်းကနေ ချက်ချင်း ပြန်လည်ထွက်ခွာသွားဖို့ လုံးဝဆန္ဒမရှိကြောင်း တုန့်ုပြန်ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နွေစျေးကွက်အတွင်း အဂွဲရိုးအပါအဝင် မန်ဖစ်ဒီပိုင်းနဲ့ အဲရစ်ဂါဆီယာတို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူအားဖြည့်ထားခဲ့ပြီး လတ်တလောမှာ ဒီပိုင်းကို အသင်းမှာ ခပ်မြန်မြန် အထိုင်ကျလျက်ရှိနေကာ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း သွင်းဂိုး(၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။