မန်ချက်စတာစီးတီးအသင်းနဲ့ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးတို့ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သေချာပေါက်ကို လက်တွဲဖြုတ်ကြတော့မှာဖြစ်ကြောင်း မန်စီးတီးအသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပြီး အဂွဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုသွားတော့မှာဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အဂွဲရိုးဟာ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါးလောက်အထိ ပါဝင်ကစားခဲ့တဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးသူလည်းဖြစ်ပါတယ်။ အဂွဲရိုးဟာ မန်စီးတီးအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေလည်း ရယူပေးနိုင်ခဲ့ပေမယ့် ဒီနှစ်ရာသီမှာတော့ ဒဏ်ရာပြသာနာများစွာနဲ့ ရင်ဆိုင်နေရတာကြောင့် ခြေစွမ်းပိုင်းက ကျဆင်းလာခဲ့ရသလို ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့ရတဲ့အတွက် အသင်းဘက်ကနေ သူ့ကို စာချုပ်သက်တမ်း မလုပ်ဆောင်တော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကိုသာ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေရှိနေတဲ့ အဂွဲရိုးကို လာလီဂါကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်နဲ့ သူရဲ့ကလပ်အသင်းဟောင်း အသက်လက်တီကိုမက်ဒရစ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲကမှ ဘာစီလိုနာအသင်းက အဂွဲရိုးကို ခေါ်ယူဖို့အတွက် သတင်းအထွက်ဆုံး ဖြစ်လို့နေပါတယ်။ လာလီဂါကလပ်အသင်းတွေအပြင် မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကလည်း အဂွဲရိုးရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေပြီး အခုလို အသင်းနဲ့ သေချာပေါက် လက်တွဲဖြုတ်တော့မယ့် အဂွဲရိုးကို ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၁၄)ပွဲသာ ပါဝင်ကစားခဲ့ရပြီး သွင်းဂိုး(၃)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးအဂွဲရိုးဟာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပဲ သူရဲ့တစ်နိုင်ငံသား လီယွန်နယ်မက်ဆီရှိရာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖွယ် ရှိနေတယ်လို့ အားကစားမီဒီယာတွေကနေ သုံးသပ်ဖော်ပြထားကြပါတယ်။