မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမားဟောင်းကြီး ဆာဂျီယို အဂွဲရိုးက လက်ရှိမှာ သူ့အသင်းဟောင်း မန်စီးတီးက အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၈)မှတ်အထိတောင် ကွာဟနေတယ် ဆိုပေမယ့်လည်း ဒီလို အမှတ်ကွာဟချက်ဟာ အသေးအဖွဲ့သာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက်အထိ မကြုံစဖူး ရှုံးပွဲဆက်နေတဲ့အချိန် နည်းပြသစ် အာနယ် ဆလော့နဲ့ လီဗာပူးလ်အသင်းကတော့ တောက်လျှောက် နိုင်ပွဲတွေဆက်နေရင်း အခု ပွဲစဉ် (၁၂)အပြီးမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကြား (၈)မှတ်အထိတောင် ကွာဟနေရပါတယ်။
Photo Credit : Goal
ဒီလို အခြေအနေမှာ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မလွယ်ကူတော့ဘူးလို့ ပြောဆိုလာကြပေမယ့် မန်စီးတီး ကစားသမားဟောင်းကြီး အဂွဲရိုးကတော့ ဒီလို အမှတ်ကွာဟနေတာကာ သိပ်အရေးမပါတဲ့ အခြေအနေသာဖြစ်ကြောင်းနဲ့ သူတို့တုန်းကလည်း ဒီလို အမှတ်ကွာဟနေခြင်းကနေ ချန်ပီယံဖလားပါ ရယူနိုင်ခဲ့အကြောင်း ပြောဆိုလာခဲ့ပါတယ်။
“ဘောလုံးသုံးသပ်သူ Pundits တွေကတော့ ချန်ပီယံဆု ပြေးလမ်းနဲ့ ပတ်သက်ပြီး အမြဲပဲ မြန်မြန်ဆန်ဆန်တွေ ပြောဆို သုံးသပ်နေကြတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ တုံ့ပြန်မှုက အမြဲတမ်း အတူတူပါပဲ။ ပြိုင်ပွဲကြီး မပြီးမချင်း ဘာမှ မပြီးသေးပါဘူး။ လက်ရှိ အမှတ်အားသာချက်က ရာသီကုန်မှာ ဘာမှ အရေးမပါနိုင်ဘူး။ ဒါမျိုးတွေကို ကျွန်တော်တို့ မကြာခဏ တွေ့ဖူးပါတယ်။”
Photo Credit : Sporting News
“၂၀၁၁-၁၂ ဘောလုံးရာသီတုန်းက ကျွန်တော်တို့ ယူနိုက်တက် လက်အောက်မှာ (၈)မှတ်နဲ့ ရှိခဲ့ချိန်ကနေ ရာသီကုန်ကျတော့ ဖလား ရယူနိုင်ခဲ့တယ်။ အခုကတော့ လီဗာပူးလ်ကိုသာ အနိုင်ယူလိုက်မယ်ဆိုရင် ဒါက သေချာပေါက် အထောက်အကူ ဖြစ်မှာပါ။ ဒါပေမယ့် ပြိုင်ပွဲက ခရီးဝေးနေသေးချိန်မှာ အခုလို ကျယ်ကျယ်လောင်လောင် ထုတ်ဖော် ပြောဆိုတာမျိုးက အမြှော်အမြင် မရှိပါဘူး။” အဂွဲရိုးက ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးက လက်ရှိမှာ လီဗာပူးလ် (၈)မှတ်အထိ ကွာဟသွားချိန် လာမယ့် ပွဲစဉ် (၁၃)မှာပဲ လီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာပါ သွားရောက် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီပွဲမှာသာ ရလဒ်ဆိုးလိုက်မယ်ဆိုရင် မန်စီးတီးအတွက် ချန်ပီယံ မျှော်လင့်ချက်က ပိုပြီးတော့ကို ထိခိုက်ရဖွယ် ရှိလာနိုင်ပါတယ်။