မန်ချက်စတာ စီးတီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဆာဂျီယို အဂွဲရိုးက ၂၀၂၄ခုနှစ် ဘာလွန်းဒေါဆုအတွက် အထိုက်တန်ဆုံး ကစားသမားက သူ့အသင်းဖော်ဟောင်းဖြစ်သူ ကွင်းလယ်လူ ရိုဒရီသာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂၀၂၄ ဘာလွန်းဒေါဆုအတွက် ဆန်ခါတင် ကစားသမား အယောက် (၃၀)စာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲကမှ ရီးယဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နဲ့ မန်စီးတီး ကွင်းလယ်ကစားသမား ရိုဒရီတို့က ဒီဆုရဲ့ winner ဖြစ်လာဖို့အတွက် အပြိုင်အဆိုင် ရေပန်းစားလို့နေပါတယ်။

Photo Credit : Goal

၂၀၂၄ ဘာလွန်းဒေါဆုရဲ့ ဆန်ခါတင် အယောက် (၃၀)စာရင်းမှာ ၂၀၀၃ခုနှစ်နောက်ပိုင်း ဘာလွန်းဒေါဆု ဆန်ခါတင်စာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံး မပါဝင်တော့ချိန်မှာ ဘယ်ကစားသမားက ဘာလွန်းဒေါဆုရှင် ဖြစ်လာမလဲဆိုတာ အတော်လေး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အယောက် (၃၀) ဆန်ခါတင်စာရင်း မထုတ်ပြန်ခင်ကတည်းက ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ဖလား လာလီဂါဖလား ရယူထားခဲ့တဲ့ ဆမ်ဘာကြယ်ပွင့် ဗင်နီစီယပ်စ်က ၂၀၂၄ ဘာလွန်းဒေါဆုရှင် ဖြစ်လာမယ်ဆိုပြီး ရေပန်းစားနေသလို မန်စီးတီးနဲ့ စပိန်အသင်းတို့အတွက် အရေးအကြီးဆုံး ကစားသမားဖြစ်တဲ့ ရိုဒရီဟာလည်း ဗင်နီစီယပ်စ်ရဲ့ အဓိကပြိုင်ဘက် ဖြစ်လာမယ်လို့ သတ်မှတ်လာကြပါတယ်။

Photo Credit : Manchester City News

တစ်ဦးချင်းဆုတွေမှာ အမြဲတမ်း ချန်လှပ်ခံခဲ့ရတဲ့ ရိုဒရီက အခု ဘာလွန်းဒေါဆုမှာတော့ လုံးဝ ထိုက်ထိုက်တန်တန်ကို ဆွတ်ခူးနိုင်သင့်တယ်လို့ အဂွဲရိုးက မှတ်ချက်ပြုလာခဲ့ပါတယ်။ “လုံးဝကို ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ်ပဲ။ မင်းက ဒီဆုနဲ့ အထိုက်တန်ဆုံးပါ။ လုပ်ထား ရိုဒရီရေ။” လို့ အဂွဲရိုးက စီးတီးအသင်းဖော်ဟောင်းကို အားပေးသွားခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် လက်ရှိ ကမ္ဘာ့အကောင်းဆုံး holding midfielder ဖြစ်သူ ရိုဒရီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ယူရိုချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့သလို မန်စီးတီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်ဖလားကို (၄)ကြိမ်ဆက်တိုက်အထိ ဆွတ်ခူးထားခဲ့ပြီး နှစ်သင်းစလုံးရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ ရိုဒရီက အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နိုင်ခဲ့ပါတယ်။