MySport Myanmar

ကာတာကမ္ဘာ့ဖလားကို ပရိသတ်တစ်ဦးအဖြစ်နဲ့ပဲ သွားရောက်မယ်လို့ အဂွဲရိုး ဖွင့်ဟပြောဆို

အသက်လက်တီကိုမက်ဒရစ် မန်ချက်စတာစီးတီး ဘာစီလိုနာအသင်းတို့ရဲ့ ကစားသမားဟောင်းကြီးလည်းဖြစ် အာဂျင်တီးနား တိုက်စစ်မှူးဟောင်းလည်းဖြစ်ပြီး အသက်(၃၃)နှစ်အရွှယ်မှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ဖြစ်လိုက်ရတဲ့ ဆာဂျီယိုအဂွဲရိုးကို ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ကစားသမားနဲ့ နည်းပြတွေကြား ပေါင်းသင်းဆက်ဆံပေးနိုင်မယ့် အထူးဝန်ထမ်းရာထူးအဖြစ် ကမ်းလှမ်းထားခဲ့ပေမယ့် အဂွဲရိုးက ကာတာကို ပရိသတ်အဖြစ်နဲ့သာ သွားရောက်မှာ ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

အသက်(၃၃)နှစ်အရွှယ် အာဂျင်တီးနား တိုက်စစ်မှူးဟောင်း အဂွဲရိုးဟာ ပြီးခဲ့တဲ့နွေကမှ မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းသစ်အတွက် (၅)ပွဲသာ ပါဝင်ခဲ့ရကာ နှလုံးရောဂါပြသာနာနဲ့ ရင်ဆိုင်လာရပြီး ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ မဖြစ်နိုင်တော့တဲ့အတွက် အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရသလို ကစားသမားဘဝကိုပါ အဆုံးသတ်ခဲ့ရပါတယ်။ ဒီလို ဘောလုံးသမားဘဝကနေ အနားယူထားခဲ့ရတဲ့ အဂွဲရိုးကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်းရဲ့ နည်းပြအဖွဲ့ တစိတ်တပိုင်းအဖြစ် ကမ်းလှမ်းထားပြီး အဂွဲရိုးကတော့ ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်သေးပဲ ကမ္ဘာ့ဖလားပွဲကိုလည်း ပရိသတ်အဖြစ်နဲ့သာ သွားရောက်အားပေးမယ်လို့ သိရပါတယ်။

အဂွဲရိုးက “အာဂျင်တီးနားအသင်းရဲ့ ဝန်ထမ်းတစိတ်တပိုင်းအဖြစ် ဖိတ်ခေါ်မှုက ဆွေးနွေးဖို့အတွက် ကမ်းလှမ်းထားပါတယ်။ ကျွန်တော် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့ စကားပြောခဲ့ပြီး ကျွန်တော့်အချိန် ပျော်မွေ့နေစေရဖို့့ ရည်ရွှယ်ထားတဲ့အကြောင်းတွေကို ရှင်းရှင်းလင်းလင်း ပြောပြမိခဲ့တယ်။ ကျွန်တော် ကာတာနိုင်ငံကို ပရိသတ်တစ်ယောက်အနေနဲ့ပဲ သွားရောက်မှာပါ။ ကျွန်တော့်မှာ နိုင်ငံလက်ရွေးစင်အသင်းက လူတွေအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်တော့ နည်းပြအဖွဲ့ဝင်တွေ ကစားသမားတွေကြားမှာ နေ့စဉ်နေ့တိုင်း ဆက်သွယ်ပေးနိုင်မယ့်သူလို့ မမြင်မိပါဘူး။ သူတို့က အခုအချိန်မှာ ကျွန်ေ်တာ့်အတွက် လက်မခံနိုင်သေးတဲ့ ရာထူးမျိုးကို ကမ်းလှမ်းခဲ့သလို ဖြစ်နေရပါတယ်။ ကျွန်တော် မက်ဆီ စကာလိုနီတို့နဲ့ စကားပြောခဲ့ပြီး သူတို့က ကျွန်တော့်ဆီက ဘာတွေလိုချင်နေလဲဆိုတာကို အကြံညဏ်ပေးခဲ့ပါသေးတယ်။ အဲ့ဒါတွေကို စဉ်းစားဖို့ အချိန်လေးတစ်ခုလောက် တောင်းဆိုခဲ့ပြီး နောက်ပိုင်းတော့ ကျွန်တော် ဒီရာထူးအတွက် အဆင်သင့် မဖြစ်သေးဘူးဆိုတာကို အသိပေးခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version