စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါဝေဒနာကို ခံစားနေရတာကြောင့် ၃လကျော်ကြာ အနားယူရတော့မယ် လို့ သိရပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ မန်ချက်စတာ စီးတီးအသင်း ကနေ ဘာစီလိုနာအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: AS English

အဂူရိုဟာ ဘာစီလိုနာ ၁-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို ရရှိခဲ့တာကြောင့် ဒီရာသီမှာ ပထမဦးဆုံး အကြိမ် အဖြစ် ဘာစီလိုနာ ၁-၁ အလာဗက်တို့ရဲ့ ပွဲစဉ်ကို ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပေမယ့် အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာပဲ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကို ခံစားခဲ့ရပြီး လူစားလဲခံခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ အဂူရိုဟာ ရင့်ဘတ်အောင့်ခြင်း ၊ မူးဝေခြင်းတို့ကို ခံစားခဲ့ရတာကြောင့် ဘာစီလိုနာ ဆေးအဖွဲ့ဟာ သူ့ကို ဆေးရုံတင်ခဲ့ပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဆေးစစ်ချက်တွေ အရ အဂူရိုဟာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကို ခံစားနေရကြောင်း သိရပြီး အနီးကပ် စောင့်ကြည့်မှုကိုလည်း လိုအပ်တာကြောင့် ဘောလုံးကစားခြင်း ကနေ ခေတ္တ အနားယူရဖွယ် ရှိပါတယ်။

Photo Credit: AS English

ယနေ့မနက် အစောပိုင်းမှာတော့ ဘာစီလိုနာအသင်းက အဂူရိုဟာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကို ကုသဖို့ အတွက် အနည်းဆုံး ၃လ အနားယူရတော့မှာ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန် ကြေညာသွားပြီး အဆိုပါ ၃လ အတွင်းမှာလည်း ဆရာဝန်တဦးဟာ အဂူရိုရဲ့ အနီးမှာ နေထိုင်ကာ သူ့ရဲ့ အခြေအနေကို အသေးစိတ် စောင့်ကြည့်သွားမယ့် အကြောင်းလည်း ထုတ်ပြန် ကြေညာချက်ထဲမှာ ပါဝင်နေပါတယ်။

အကယ်၍ အဂူရိုရဲ့ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကသာ ပိုမို ဆိုးရွားလာပါက အဂူရိုဟာ ဒိန်းမတ်နဲ့ အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင်လို နှလုံးခုန်စက် တပ်ဆင်ရဖွယ် ရှိကြောင်းလည်း နှလုံးရောဂါ ကျွမ်းကျင်သူ ဆရာဝန်တွေက သုံးသပ်ထားကြပါတယ်။