မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာလည်း သူရဲ့စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဖြစ်တဲ့အပြင် လက်ရှိအချိန်ထိလည်း သူ့ကို မန်စီးတီးအသင်းဘက် စာချုပ်သစ်ကမ်းလှမ်းမှုတွေ လုပ်ဆောင်သေးခြင်းမရှိတာကြောင့် သူရဲ့အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

တကယ်လို့ မန်စီးတီးအသင်းဘက်ကနေသာ အဂွဲရိုးကို စာချုပ်သက်တမ်း တိုးဖြစ်မယ်ဆိုရင် အဂွဲရိုးအနေနဲ့ လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခပမာဏဖြစ်တဲ့ ပေါင်(၂၆၀၀၀၀)ကို ထက်ဝက်နီးပါးလျော့ချခံရဖွယ် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အဂွဲရိုးဟာ လက်ရှိမှာ အသက်(၃၂)နှစ်အရွှယ် ရှိနေပြီဖြစ်သလို ဒီရာသီမှာလည်း ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ရင်ဆိုင်နေရပြီး အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားထားနိုင်တာဖြစ်လို့ ဒီအခြေအနေကို မန်စီးတီးအသင်းဘက်ကနေ စောင့်ကြည့်နေတာကြောင့် အခုထိ သက်တမ်းတိုးဖို့ကို ကိစ္စကို စတင်မလုပ်ဆောင်နိုင်သေးတာလည်းဖြစ်ပါတယ်။

Photo Credit : Eurosport

ဒါ့အပြင် မန်စီးတီးအသင်းဟာ အသင်းရဲ့အသက်အရွှယ်ကြီးနေတဲ့ ကစားသမားတွေကို (၁)နှစ်လောက်သာ စာချုပ်သက်တမ်းတိုးလေ့ရှိတာဖြစ်ပြီး ယခင်ကလည်း အသင်းရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ ကွင်းလယ်လူ ယာယာတိုရေးကို သက်တမ်းတိုးခဲ့စဉ်က တစ်နှစ်သက်တမ်းသာတိုးခဲ့ပြိီး လစာကိုလည်း မူလပေးချေနေတဲ့ လစာထက် ထက်ဝက်ကို လျော့ချခဲ့ပါတယ်။ အခုလည်း အဂွဲရိုးကို စာချုပ်တစ်နှစ်သာ ထပ်မံတိုးမြင့်ချင်နေတာဖြစ်သလို လစာအပိုင်းမှာလည်း လက်ရှိလစာထက် ထက်ဝက်လျော့ချချင်နေပါတယ်။ တကယ်လို့ အဂွဲရိုးဘက်ကနေ ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်ပဲ အသင်းပြောင်းဖို့သာ ဆုံးဖြတ်ချက်ချမယ်ဆိုရင်တော့ မန်စီးတီးအနေနဲ့ လာမယ့်နွေစျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လတ်တလောမှာတော့ အင်တာမီလန်အသင်းရဲ့တိုက်စစ်ကစားသမား လူကာကူ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ စပါးအသင်းရဲ့တိုက်စစ်ကစားသမား ဟယ်ရီကိန်းတို့ကို ပစ်မှတ်ထားလျက်ရှိနေပြီး အသုံးစရိတ်များစွာ အသုံးပြုမယ်လို့လည်း သိရှိရပါတယ်။