ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ် ၊ ဝါရင့်တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်တဲ့ တိုက်စစ်မှူး အဂူရိုကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ် ရှိတယ်လို့ မန်စီးတီးအသင်း နည်းပြဖြစ်သူ ဂွာဒီယိုလာက ဆိုသွားခဲ့ပါတယ်။ အသက်၃၂နှစ် အရွယ် တိုက်စစ်မှူး အဂူရိုဟာ မန်စီးတီး အသင်းက ဘန်လေအသင်းကို ငါးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ပြင်းထန်ပုံရတဲ့ ဒူးခေါင်းဒဏ်ရာ တစ်ခုကို ရရှိခဲ့တာ ဖြစ်ပြီး သူဟာ ပွဲကစားချိန် ၄၁ မိနစ်မှာ ဘန်လေအသင်းရဲ့ ဂိုးဧရိယာထဲ ဝင်ရောက်ကာ ဂိုးကန်သွင်းဖို့ ကြိုးစားရာကနေ ဟန့်တားခံရတာကြောင့် ဒူးခေါင်းဒဏ်ရာကို ရရှိခဲ့တာပါ။

Photo Credit: Sky Sports

အဆိုပါ ပြစ်ဒဏ်ကျူးလွန်ခံရမှုကြောင့် မန်စီးတီးအသင်းဟာ ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပြီး အဂူရို ကွင်းထဲမှာ ရှိမနေတော့တာကြောင့် တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်က ရရှိလာခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခွင့်ရခဲ့ပြီး သွင်းဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသက်၃၂နှစ်အရွယ် အဂူရိုဟာ လက်ရှိ ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ပွဲ ပါဝင် ကစားပေးထားရာမှာ ၁၆ဂိုး သွင်းယူထားပြီး ၃ဂိုး ဖန်တီးပေးထားကာ ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိဖို့ အတွက် ကြိုးစားနေသူ ဖြစ်တာကြောင့် အခုလို ပြင်းထန်ဖွယ် ရှိတဲ့ ဒူးခေါင်း ဒဏ်ရာကို ရခဲ့တာဟာ အဂူရိုအတွက် စိတ်ပျက် စရာ ကောင်းခဲ့ပါတယ်။

Photo Credit: Sky Sports

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ အဂူရိုရဲ့ ဒူးခေါင်းဒဏ်ရာဟာ အနည်းငယ် ဆိုးရွားဖွယ် ရှိကြောင်းနဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေဟာ မနက်ဖြန်မှာပဲ စတင်မှာ ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောပြသွားခဲ့ပါတယ်။ ဂွာဒီယိုလာက ” အဂူရိုရဲ့ ဒဏ်ရာက ကြည့်ရတာ အနည်းငယ် ဆိုးရွားဖွယ် ရှိပါတယ်။ မနက်ဖြန် မှာတော့ ဆေးစစ်မှုတွေကို စတင်ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဂူရိုရဲ့ ဒဏ်ရာဟာ လက်ကျန်ပွဲစဉ်တွေကို ကစားနိုင်ချေ သိပ် မရှိတော့ပါဘူး ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဂူရိုဟာ အသက်၃၂နှစ်အရွယ်ကို ရောက်ရှိ နေပြီဖြစ်တာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုသာ ရရှိခဲ့ပါက သူ့ရဲ့ မန်စီးတီး အသင်း ကစားသမားဘဝဟာ အဆုံးသတ်မယ့် အလားအလာတွေ ရှိလို့နေပါတယ်။