အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းထံကို ပြောင်းရွှေ့ခဲ့ပြီးနောက် မန်စီးတီးအသင်းရဲ့ အောင်ပွဲတွေအတွက် အဓိက သူရဲကောင်း တစ်ဦး ဖြစ်လာခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ လက်ရှိမှာတော့ အသက် ၃၁ နှစ်အရွယ် ရှိနေပါပြီ။ ဘောလုံးလောကရဲ့ သက်တမ်းအရတော့ ဒါဟာ ကစားသမားဘဝရဲ့ အဆုံးသတ်ကာလကို ရောက်ရှိနေပြီလို့ ပြောလို့ရပေမယ့် အဂူရိုကတော့ လက်ရှိအချိန်အထိ မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေဆဲပါ။ အဂူရိုဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ပွဲ ပါဝင်ကစားထားရာမှာ ၁၆ဂိုးသွင်းယူဖထားနိုင်ခဲ့ပြီး ၃ဂိုးဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

ဝါရင့်ကစားသမားတစ်ဦး ဖြစ်လာသည့် အားလျော်စွာ လက်ရှိအချိန်မှာ အဂူရိုကို အတုယူကာ လေးစားအားကျတဲ့ လူငယ် ကစားသမားလေးတွေလဲ အမြောက်အမြား ရှိနေခဲ့ပါတယ်။ ကစားသမားတစ်ဦးကို အတုယူကာ သူ့လိုဖြစ်အောင် ကြိုးစားတာဟာ ဘောလုံးလောကမှာသာမက အခြားသော အားကစားနည်းတွေမှာပါ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရာတစ်ခုဖြစ်ပြီး အဂူရိုကလည်း သူငယ်စဉ်ကတည်းက လက်ရှိအချိန်အထိ အတုယူအားကျခဲ့ရတဲ့ ကစားသမား ငါးဦးအထိ ရှိပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေကတော့ ဆာဗီယိုလာ ၊ တေဗက် ၊ ရိုနယ်ဒို(ဘရာဇီးလ်) ၊ အိုဝင် တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

သူ လေးစားအားကျခဲ့ရတဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး အဂူရိုက ” ကျွန်တော် အရမ်းကို ငယ်သေးတဲ့ အချိန်တုန်းက ဆာဗီယိုလာကို အမြဲတမ်း အတုယူဖို့ စောင့်ကြည့်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဆာဗီယိုလာက ရေးဗားပလိတ် မှာ ကစားနေတာပေါ့။ ဆာဗီယိုလာပြီးတော့ အတုယူခဲ့တဲ့ ကစားသမားတွေက ရီကွယ်မီ ၊ တေဗက်နဲ့ ဘရာဇီးလ်က ရိုနယ်ဒိုတို့ပါ။ ပြီးတော့ ကျွန်နော်က မိုက်ကယ်အိုဝင်ကိုလည်း သဘောကျပါတယ်။ ကျွန်တော်က အမြဲတမ်း ကျွန်တော် သဘောကျတဲ့ ကစားသမားတွေရဲ့ ကစားပုံကို လေ့လာတယ်။ သူတို့ ကစားခဲ့သလိုမျိုး ကစားနိုင်အောင်လည်း ကြိုးစားတယ်။ အဲ့ဒါက ကျွန်တော်ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အရာတွေပါပဲ ” လို့ ရှင်းလင်း ဖြေဆိုသွားခဲ့ပါတယ်