စပိန်ကွင်းလယ်ကစားသမားဟောင်းကြီး ဇာဗီက သူရဲ့ဆရာဟောင်းဖြစ်ခဲ့ဖူးတဲ့ ပတ်ဂွာဒီယိုလာအနေနဲ့ မန်စီးတီးအသင်းအတွက် လာမယ့်ဘောလုံးရာသီမှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို အဓိကထားပြီး ခေါ်ယူသင့်ပြီး အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဆာဂျီယိုအဂူရိုရဲ့နေရာအတွက် တစ်ရာသီအတွင်း သွင်းဂိုး(၃၀)လောက် သွင်းယူနိုင်မယ့် တိုက်စစ်မှူးမျိုးနဲ့ အစားထိုးသင့်ပြီး ချန်ပီယံလိဂ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက်ကိုလည်း နောင်ထပ်ကစားသမားသစ်(၃)ယောက်လောက် အလိုရှိနေသေးတယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီးမှ လိုင်ယွန်အသင်းကို အရေးနိမ့်ခဲ့ရတဲ့အတွက် ကွာတားဖိုင်နယ်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကစားသမား အဂူရိုဟာ ဒဏ်ရာပြသာနာကြောင့် ပါဝင်မကစားနိုင်ခြင်းမရှိလို့ မန်စီးတီးအတွက် နစ်နာစေခဲ့ရသလို ဂွာဒီယိုလာရဲ့လက်အောက် (၄)ရာသီဆက်တိုက် ချန်ပီယံလိဂ်ကနေ အမြင့်ဆုံး ကွာတားဖိုင်နယ်အဆင့်ထိသာ တတ်ရောက်နိုင်ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဂွာဒီယိုလာရဲ့တပည့်ဟောင်းဖြစ်တဲ့ ကာတာကလပ် အယ်ဆတ်အသင်းရဲ့ဇာဗီက “မန်စီးတီးက အခုဆိုရင် ကလပ်အသင်းကြီးတစ်သင်းလို အသင်းမှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း တချို့ကစားသမားတွေက သူတို့ရဲ့ကစားသမားဘဝ အဆုံးသတ်ခါနီးကို ရောက်ရှိနေကြပါပြီ။ ကွန်ပနီဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်ပြီး သူ့နေရာမှာ အစားထိုးဝင်ရောက်နိုင်မယ့် ခံစစ်မှူးတွေက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ပဲ ရှိနေလိမ့်မယ်။ ဒေးဗစ်ဆေးဗားကလည်း ဒီလိုပါပဲ။ သူကလည်း အသင်းအတွက် အကောင်းဆုံး ကစားပေးထားနိုင်သူတစ်ယောက်ဖြစ်လို့ သူရဲ့နေရာအတွက်ကို အသုံးစရိတ်များစွာနဲ့ ပြန်လည်အစားထိုးရလိမ့်မယ်။ အဂူရိုကလည်း သက်တမ်းတစ်နှစ်ပဲ ရှိနေတော့တယ်။ ဥရောပမှာ အဂူရိုလို တစ်ရာသီအတွင်း ဂိုး(၃၀)လောက် သွင်းယူနိုင်မယ့် တိုက်စစ်မှူးမျိုး ဘယ်လောက်ရှိနေမလဲဆိုတာ မသေချာဘူးလေ။ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ အောင်မြင်မှု မရယူနိုင်ခဲ့တာက ပတ်အတွက် စိတ်ပျက်စရာ ဖြစ်စေမှာပါ။ ဒီဖလား(၂)လုံးက သူအလိုချင်ဆုံးဖလားတွေပဲကို။ ချန်ပီယံလိဂ်ဖလားဆိုရင်လည်း မန်စီးတီးအသင်းဘက်က အရမ်းလိုချင်နေတဲ့ ဖလားတစ်ခုပါ။ သူတို့မှာ ကစားသမားကောင်းတွေ ရှိနေတယ်ဆိုပေမယ့် ဒီနွေစျေးကွက်အတွင်းမှာတော့ ပတ်လိုအပ်တဲ့ ကစားသမားမျိုးကို အရခေါ်ယူနိုင်သင့်ပါတယ်။ ကစားသမားလည်း အများကြီး မလိုအပ်ပါဘူး (၃)ဦးကိုပဲ ခေါ်ယူသင့်တာပါ။ ဒါပေမယ့် စျေးခပ်ပေါပေါနဲ့ ခေါ်ယူရမယ့် ကစားသမားမျိုးတော့ မဟုတ်ပါဘူး။ တကယ့်ကွာလတီကစားသမားမျိုးတွေ လိုအပ်တာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။